Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မော်လမြိုင်မြို့အတွင်း ခွေးကောင်ရေ ပေါက်ဖွားမှု ထိန်းချုပ်ရန် သန္ဓေတားဆေးထိုးပေးခြင်းစနစ်မှာ လက်လှမ်းမမီနိုင်သေးသဖြင့် အဆိပ်ကျွေးရှင်းလင်း နေရသည်ဟုယင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်သိန်းက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

“သန္ဓေသားထိန်းတဲ့စနစ် ေတွလုပ်ချင်တာပေါ့။ ဒါပေမယ့် အဲဒီအဆင့်က တအားလိုနေတယ်။ ခွေးတွေကို တစ်ကောင်ချင်းဆေးထိုးရမယ် မွေးရမယ်။ လုပ်ဖို့မလွယ်ဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ခွေးလေခွေးလွှင့်များကို အဆိပ်ဖြစ်လွယ်၍ ပြင်းထန်သော ခွေးနှိမ်နင်းဆေးများကို ရန်ကုန်မြို့တော်စည်ပင်သာယာရုံးချုပ်မှ မှာယူ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကပြောသည်။

ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ရပ်ကွက်ကတောင်းဆိုလာလျှင် ခွေးများရှင်းလင်းပေးကြောင်း နှင့် အိမ်မွေးခွေးများ မပါစေရန်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းလုပ်ဆောင်နေသည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သန့်ရှင်းရေးဌာန ဒုဦးစီးမှူးဦးဝေယံကျော်က ပြောသည်။

ရှင်းလင်းရာ၌ ညဘက်တွင် ခွေးများကို အဆိပ်ခတ်ပြီးပါက ညတွင်းချင်းရှင်းလင်းပြီး ၆ မိုင် အမှိုက်ပုံတွင် ကျင်းတူးမြေမြှုပ်ကြောင်း ၎င်းက ပြောဆိုသည်။

“ခွေးလေခွေးလွင့်တွေများတော့ ယာဉ်မောင်းရတာ အနှောင့်အယှက်ဖြစ်တယ်။ ကလေးတွေကိုလည်း စိတ်ပူနေရတယ်။ ဒါပေမယ့် ဒီလိုနည်းနဲ့ရှင်းတာထက် ပိုကောင်းတဲ့နည်း သုံးသင့်တယ်” ဟု မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်မှ မိကွန်းချမ်းမွန်ကပြောသည်။

မော်လမြိုင်မြို့နယ်တွင် စက်တင်ဘာလအတွင်း ခွေးလေခွေးလွင့် ၆၄၃ ကောင် အဆိပ်ကျွေးရှင်းလင်းခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

စန္ဒာဉာဏ်

Advertisements
<

Leave a Reply