Advertisements

မော်လမြိုင် ၊ ဇူလိုင် ၁၀

မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ဇာတ်သဘင်ပညာနှင့် အသက်မွေးနေသူများအတွက် သဘင်အိမ်ယာများကို တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး( ဗဟို ) အတွင်းရေးမှူး ဦးနေဝင်း ကပြောသည်။

“ကျွန်တော်တို့တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ဇူလိုင်လ ၁၀ ရက်နေ့ တွင် မွန်ပြည်နယ်မော်လမြိုင်မြို့ရှိ သဘင်အစည်းအရုံးခန်းမတွင်ပြုလုပ်သော လူရွင်အသင်း က မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) သို့ မွန်ပြည်နယ်သဘင် ဘိုးဘွားရိပ်သာ ပြန်လည်လှူဒါန်းသည့် အခမ်းအနားတွင်ယင်းသို့ ပြောခဲ့ခြင်းဖြစ်သည်။

သဘင်အိမ်ယာများ တည်ဆောက်ရန် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံတင်ပြထားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ကာ မူဘောင်းအတွင်းမှ စနစ်တကျဆောင်ရွက်ရန်လမ်းညွှန်ခဲ့ကြောင်းဦးနေဝင်း ကပြောကြားသည်။

လက်ရှိတွင် သဘင်အိမ်ယာကို ရန်ကုန်တိုင်းဒေသကြီးတွင် ဦးစွာတည်ဆောက်နိုင်ရန်အတွက် စည်ပင်သာယာပိုင်မြေ ၅ဧကကို သင့်လျော်သည့်ဈေးနှုန်းဝယ်ယူရန် ညှိနှိုင်းထား ကြောင်း မြန်မာ နိုင်ငံ သဘင်အစည်းအရုံး ထံမှသိရှိရသည်။

“ကျွန်တောတို့က သဘင်အိမ်ယာ အခန်း၅၀၀ ကျွန်တော်တို့ဆောက်ပါတယ်၊ အဲ့ဒီမှာ ဗဟိုသဘင်ရဲ့ ရုံးလည်းပါလာမှာဖြစ်သလို သဘင်နဲ့ ပက်သတ်ပြီးတော့ လေ့ကျင့်ရေး ဇာတ်ရုံတွေလည်းပါလာမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ သဘင်အိမ်ယာတွင် တိုက်ခန်းရရှိထားသည့် အနုပညာရှင်များအနေဖြင့် မိမိ မနေလိုပဲ ပြန်လည်ရောင်းခြသည့်အခါတွင် အခြားသောပြင်ပလူများကို ရောင်းခွင့် မရှိပဲ အနုပညာရှင်ကို ပြန်လည်ရောင်းခြခွင့်ရှိကြောင်း ၎င်းကပြောသည်။

လျှမ်းထက်

Advertisements
<

Leave a Reply