Advertisements

မော်လမြိုင်၊ အောက်တိုဘာ

ရေကြီးနစ်မြုပ်ခြင်း၊ ရွှေခရုကျခြင်း စသဖြင့်ကိစ္စတို့ကြောင့် လယ်မြေပျက်စီးမှုဖြစ်ပေါ်ပါက တောင်သူများအနေဖြင့် အကူအညီတောင်းခံနိုင်ကြောင်း မွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောဆိုသည်။

ထိုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်ပါက ပြည်နယ်အစိုးရရုံး (သို့မဟုတ်) ဆက်သွယ်ရန်သတ်မှတ်ပေးထားသော Call Centerများ၊ ဖုန်း ၀၉ ၉၅၅၀၄၀၁၁၁ ထံ ဆက်သွယ်၍ အကြောင်းကြားလျှင် ချက်ချင်းကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးသွားမည်ဟု ၎င်းင်းက ပြောသည်။

ထို့အပြင် မြို့နယ်၊ ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်မှု၊ ရွှေခရုကြောင့် ပျက်စီးမှုများဖြစ်ပေါ်နေပါက သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားရန်နှင့် တာဝန်ရှိသူများမှ လည်းဆောင်ရွက်ပေးခြင်းရှိ၊ မရှိကို ပြန်လည်စိစစ်သွားမည် ဖြစ်ကြောင်း၎င်းကပြောဆိုသည်။

“ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့ ပေးထားတဲ့ဖုန်းနံပါတ်တွေကို ဆက်သွယ်လို့ရပါတယ်၊ ကျွန်တော့်ဆီလည်း ဆက်လို့ရပါတယ်၊ အဲလိုအကြောင်းကြားလာမယ်ဆိုရင် ချက်ချင်းကွင်းဆင်းပြီးစစ်ဆေးဆောင်ရွက်သွားမှာပါ”ဟု ဝန်ကြီးက ဆိုသည်။

သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးမှ ကွင်းဆင်းစစ်ဆေးပြီး ပျက်စီးမှုစာရင်းကိုတင်ပြလာပါက သေချာစစ်ဆေး တွက်ချက်ပြီး ပြည်နယ်အစိုးရအနေဖြင့် မျိုးစပါးများ ပြန်လည် ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်းဆက်
လက်ပြောသည်။

မုဒုံမြို့နယ် ဝက်တဲကွင်း၊ ကြုံဟန်အနောက်ဘက်ကွင်း၊ ကော့ခပုံကွင်း၊ အခွန်ကွင်းနှင့် ဂုံညှင်းတန်းကွင်းအတွင်းရှိ လယ်ယာမြေများသည် ရေကြီးနစ်မြုပ်ခြင်း၊ ခရုဖျက်၍ ပျက်စီးခြင်းများရှိနေသောကြောင့် အစိုးရနေဖြင့် မည်သို့ကူညီဆောင်ရွက်ပေးမည်ကိစ္စရပ်အတွက် ၁၁ ကြိမ်မြောက် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြသီင်္ဂီမော်၏ မေးမြန်းချက်ကို ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရေမြုပ်တာကြာတော့ စပါးပင်တွေ သေတယ်၊ ပြန်စိုက်တယ်၊ ရေပြန်တက်တော့ ပြန်သေလိုက်နဲ့လယ်သမားတွေလည်း ခြေကုန်လက်ပန်းကျနေပြီ၊ နောက်ခရုကျလို့ စပါးပင်တွေလည်းတက်တက်ပြောင်ကုန်ပြီ”ဟု ဒေါ်မြသီင်္ဂီမော်က ဆိုသည်။

မြို့နယ်၊ ကျေးရွာအတွင်း သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေးမှု ပျက်ကွက်ခြင်းများကိုလည်း ပြန်လည်စိစစ်စေချင်ကြောင်းနှင့် ရေမြုပ်၍ ပျက်စီးသွားသော လယ်မြေများကိုအစိုးရအနေဖြင့် အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန်၊ ခရုအန္တရာယ်မှ အထိရောက်ဆုံး အကာကွယ်ပေးခြင်းများကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။

ထိုက်ထိုက်

Advertisements
<

Leave a Reply