Advertisements

ဒီတစ်ပတ် အစာလည်းဆေး၊ ဆေးလည်းအစာကဏ္ဍမှာတော့ “ဘုရားသခင်ကပေးတဲ့ အဟာရ”လို့တင်စားခေါ်ထားရလောက်အောင် အစွမ်းထက်တဲ့ ဆေးဘက်ဝင် မင်းကွတ်သီး အကြောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Mangosteen လို့အမည်ရတဲ့ Garcinia အနွယ်ဝင် မင်းကွတ်ပင်ဟာ ဂတ်တဖာရီး မျိုးရင်းမှာ ပါဝင်ပြီး ရုက္ခဗေဒလို ဂါစင်းနီးယားမန်းဂိုးစတားနားလို့ ခေါ်ပါတယ်။ မူလပေါက်ရာကတော့ မာလာယုကျွန်းဆွယ်ဖြစ်ပြီး မြန်မာပြည်တွင်းသို့ တစ်ဆင့်ယူဆောင်စိုက်ပျိုးလာတဲ့ အပင်လတ်မျိုးပါ။ ပူနွေးစွတ်စိုတဲ့ ရာသီဥတုကို နှစ်သက်ပါတယ်။ မြန်မာပြည်မှာတော့ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ အများအပြား စိုက်ပျိုးကြပါတယ်။

မင်းကွတ်သီးမှည့်ရဲ့အသားဟာ နူးညံ့ချိုအေးပြီး အနံ့အရသာ နဲ့ပြည့်စုံတဲ့အတွက် လူကြိုက်များပါတယ်။ အခွံထူပြီး အတွင်းမှာ အဖြူရောင်အသားရှိတဲ့ အမြွာ ၄မြွှာကနေ ၈ မြွာအထိ ရှိတတ်တယ်။ အရည်ရွမ်းပြီး အေးတဲ့အရသာရှိတဲ့အတွက်လည်း ပူသောသဘာဝရှိတဲ့ ဒူးရင်းသီးကိုစားပြီးတိုင်း မင်းကွတ်သီးကို စားသုံးလေ့ရှိကြပါတယ်။ မင်းကွတ်သီးမှာ လူသားတို့ရဲ့ကျန်းမာရေးကိုကောင်းကျိုးဖြစ်စေမယ့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။

ကစီနဲ့ အမျှင်ဓာတ်တို့အပြင် ဗိုက်တာမင်နဲ့ သတ္တုဓာတ်တို့လည်း များစွာပါဝင်ပါတယ်။ မင်းကွတ်သီးထဲမှာ citric acid ,acetic acid , polyphenol နဲ့ hydroxycitric acid (HCA) တို့အမြောက်အမြားပါဝင်ပြီး၊ ကိုလက်စထရောပမာဏကို ကျစေတဲ့အတွက် အဝလွန်သူများနဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းလိုသူတွေ စားသုံးသင့်ပါတယ်။ ဒါ့အပြင်ရင်ပူတာ၊ နှာခေါင်းသွေးလျှံတာ၊ ခန္ဓာကိုယ်အနှံ့အပူဖု၊ အပူနာတွေပေါက်နေတာ၊ အဖြူဆင်း၊ မီးယပ်သွေးဆင်းလွန်းတာ၊ စတာတွေဖြစ်ရင် မင်းကွတ်သီးကို အပူငြိမ်းဆေးအဖြစ် မှီဝဲစားသုံးနိုင်ပါတယ်။ နောက်ပြီး မင်းကွတ်သီးဟာ အစာချေစနစ်ကိုကောင်းမွန်စေပြီး၊ အူကို ကျန်းမာစေကာ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် anti –bacteria အစွမ်းသတ္တိပါရှိတဲ့အတွက် ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေပါတယ်။ အဆုတ်နာ၊ တီဘီနာရောဂါများမှ ကင်ဆာဘက်တီးရီးယားတွေကို ဆန့်ကျင် ပေးတဲ့ ဓာတ်ပေါင်းတွေလည်းပါဝင်တဲ့အတွက် ရင်သားကင်ဆာ၊ အသည်းကင်ဆာစတဲ့ ကင်ဆာဆဲလ်တွေ ပြန့်ပွားလာမှုကိုလည်းကာကွယ်ပေးပါတယ်။သွေးထဲရှိ သကြားပမာဏကို ကျစေတဲ့အတွက် ဆီးချိုဝေဒနာရှင်များစားသုံးသင့်ပါတယ်။ အသီးသာမကသူ့ရဲ့အရွက်၊ ပင်စည်၊ အခေါက်၊ အမြစ်နဲ့အခွံတို့ဟာလည်း သူ့နေရာနဲ့ သူဆေးဘက်ဝင် ကြပါတယ်။

မင်းကွတ်သီးသတ္တုရည်ဟာ အင်းဆက်ပိုးမွှားများကိုက်ခြင်းနဲ့ ပျားတုပ်ခြင်းတို့အတွက်အဆိပ်ပြယ်စေနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ သူ့ရဲ့အဆီကိုလိမ်းရင်လည်း အသားအရေပျက်စီးတာ၊ ခြေဖနောင့်ကွဲတာ၊ ခြေသလုံးပတ်ကြားအက်တာတွေကို ပျောက် ပါတယ်။ သူ့ရဲ့အရွက်နဲ့ အခေါက်ပြုတ်ရည်ကိုသောက်သုံးခဲ့မယ် ဆိုရင်လည်း ကိုယ်အပူကြီးတာ၊ မှက္ခရုနာ၊ ဝမ်းသွားခြင်းတွေကို ပျောက်ကင်းပါတယ်။ အမြစ်ပြုတ်ရည်ဟာလည်း အမျိုးသမီးတွေ ရဲ့ တစ်လတစ်ခါရာသီစက်ဝန်းကို မှန်စေပါတယ်။ ပြီးတော့ သူ့ရဲ့ အခွံမှာလည်း tannins ဓာတ်ပါတဲ့အတွက် အခြောက်လှန်း၊ အမှုန့် ကြိတ်ပြီး သောက်သုံးပေးရင် ဝမ်းလျှော၊ဝမ်းကိုက်ရောဂါကို ယူပစ်လိုက်သလို ပေါက်ကင်းစေမှာပါ။အခွံပြုတ်ရည်ကို သောက်သုံးခဲ့မယ်ဆိုရင်လည်း ဆီးမကြာခဏသွားတာ၊ ဆီးအိတ်ရောင်တာ၊ ဆီးပူညောင်းညာကျတာ၊ ဆီးကျောက်တည်တာစတဲ့ ဆီးနဲ့ပတ်သက်တဲ့ ရောဂါတွေနဲ့ ကာလသားရောဂါကို သက်သာပျောက်ကင်းစေပါတယ်။

အချုပ်အားဖြင့်ဆိုသော် မင်းကွတ်သီးဟာ မျက်စိအတွင်း တိမ်နဲ့ ရေတိမ်ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ရောင်ရမ်းကိုလျှော့ချပြီး ဖက်ခွက်နာ၊ ပြည်တည်နာ၊အစာအိမ်နာနဲ့ ကိုယ်တွင်း ကိုယ်ပ အနာအမျိုးမျိုးကိုပျောက်ကင်းစေပါတယ်။ပြီးတော့ သွားနဲ့ သွားဖုံးကို ကောင်းကျိုးပြုပါတယ်။ မင်းကွတ်သီးရဲ့ကျန်းမာရေး အကျိုးကျေးဇူးများတွေဟာ မယုံကြည်နိုင်လောက်အောင် အလွန်ပဲများပြားပြီး ဓာတ်မတည့်မှုများကို မဖြစ်ပေါ်စေဘဲ၊ ခန္ဓာ ကိုယ်ရဲ့အင်္ဂါအဖွဲ့အစည်းများအတွက် ကောင်းမွန်တဲ့အာနိသင် ကို ဖြစ်ပေါ်စေတာကြောင့် ဖြည့်စွက်စာအဖြစ် အမြဲတမ်းစားသုံး သင့်ပါကြောင်း မျှဝေအကြံပြုတိုက်တွန်းလိုက်ရပါတယ်။

Written by ဖိုးဝဇီ

Advertisements
<

Leave a Reply