Advertisements

မော်လမြိုင်၊ ဇွန်

မော်လမြိုင်မြို့၊ ကျွဲခြံကုန်းရပ်ကွက်၊ မော်လမြိုင် – ဇာသပြင်ကားလမ်းဘေး လယ်ကွင်းထဲရှိ နေအိမ်၌ သမီးနှင့် မြေးဖြစ်သူကို သတ်ဖြတ်ခဲ့သည့် ဖခင်၊ အသက် ၇၀ ကျော်အရွယ် ဂေါ်ပါ (ခ) အပ္ပဒူဂါဖာကို မော်လမြိုင်ခရိုင် တရားရုံးကဇွန်၂၂ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်သည်။

တစ်ဆက်တည်း၌ ပြစ်မှုတွင် ပါဝင်သူ တရားခံ ၆ ဦးကိုလည်း ပြစ်ဒဏ် အသီးသီးချမှတ်ခဲ့ကြောင်း သိရှိရသည်။

“တရားခံ ၆ ယောက်ရှိတယ်။ တရားခံ ဂေါ်ပါ၊ ဒူရာမဒင်နဲ့ ဆိုဖီရောမန် (ခ) လွှမ်းမိုးအောင်တို့ ၃ ယောက်ကို နှစ်ဦးသေဆုံးခဲ့ရတဲ့အတွက်ကြောင့်မို့ ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၀၂ (၂) တစ်မှုစီမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀စီ၊ စုစုပေါင်း ထောင်ဒဏ် နှစ်၄၀ စီ အမိန့်ချမှတ်ပြီး လွှမ်းမိုးအောင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀(ခိုးမှု) ပါတဲ့အတွက် နောက်ထပ် ထောင်ဒဏ် ၃ နှစ်ထပ်မံချမှတ်ခဲ့တယ်” ဟု ခရိုင်တရားသူကြီး ဒေါ်ကြူကြူဝင်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ယင်းအပြင် အမှုတွဲ ဒေါ်ဟာဇရာဘီကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၂) / ၁၁၄ အရ အလုပ်နှင့်ထောင်ဒဏ် ၅နှစ်၊ တရားခံ စံလင်း (ခ) မျိုးမြင့်ကို ပုဒ်မ ၂၀၂ အရ အလုပ်နှင့် ထောင်ဒဏ် ၃ လ၊ ဇလာဗဒင် (ခ) စိုးမောင်ကို ပုဒ်မ ၃၀၂ (၂) / ၁၀၉ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းလည်း သိရသည်။

ယမန်နှစ် ၂၀၁၇ ဇူလိုင်လ ၁၈ ရက် နံနက် ၇ နာရီခွဲခန့်က မဇင်မာစိုးမှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ ယာနားထင်ထိုးသွင်းဒဏ်ရာတစ်ချက်တို့ဖြင့် နေအိမ်၌ သေဆုံးနေခဲ့ပြီး ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ဇော်မီလာမှာ ဝဲနားထင်၊ ချိုစောင်း၊ ဦးခေါင်းထိပ်နှင့် နောက်စေ့တို့တွင် ပေါက်ပြဲ၊ ထိုးသွင်း၊ ပြတ်ရှဒဏ်ရာများဖြင့် ဆေးကုသစဉ် သေဆုံးခဲ့ကြောင်း မြိုင်သာယာနယ်မြေ ရဲစခန်းမှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူ သားအမိမှာ အခင်းဖြစ်ပွားရာအိမ်တွင် လွန်ခဲ့သော သုံးနှစ်ကျော်ခန့်က စတင်နေထိုင်ခဲ့ပြီး ကျွဲခြံကုန်းဈေးတွင် ဟင်းသီးဟင်းရွက်ရောင်းချသည်ဟု သိရသည်။

ယင်းနေ့နံနက် ၇ နာရီခန့်က သေဆုံးသူ မဇင်မာစိုး၏ မအေတူဖအေကွဲ အစ်ကိုတော်စပ်သူ ကိုစိုးဝေ အဆိုပါအိမ်သို့ သွားရောက်ခဲ့ရာမှ ဖြစ်စဉ်ကို စတင်သိခဲ့ရခြင်း ဖြစ်သည်။ ကိုစိုးဝေမှာ မိခင်ဖြစ်သူ ဒေါ်ဇော်မီလာဈေးလာရောက်ရောင်းချသည်ကို မတွေ့သဖြင့် နေမကောင်း ဖြစ်နေသည်ဟု ယူဆကာလာရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရောက်ရှိချိန်၌ ညီမဖြစ်သူ လည်ပင်းပြတ်ဒဏ်ရာဖြင့် သေဆုံးနေပြီး မိခင်ဖြစ်သူမှာ ဓားဒဏ်ရာများဖြင့် သတိလစ်မေ့နေသည်ကို ပထမဆုံး တွေ့ရှိခဲ့ကြောင်း ကိုစိုးဝေ (ခ) အာရစွတ်၏ ပြောပြချက်အရ သိရသည်။
ယင်းအပြင် သေဆုံးသူ မဇင်မာစိုး၏ ရွှေလက်စွပ် တစ်ကွင်း၊ ရွှေနားဆွဲ တစ်ရံ၊ ရွှေလက်ကောက် နှစ်ကွင်းနှင့် ရွှေဆွဲကြိုး တစ်ကုံးတို့ပါ ပျောက်ဆုံးနေခဲ့သည်ဟုလည်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို အရေးယူပေးပါရန် မြိုင်သာယာနယ်မြေရဲစခန်းသို့ ကိုစိုးဝေက လာရောက်အမှုဖွင့် တိုင်ကြားထားခဲ့ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

ခေတ်မင်း (ပျားအုံ)

Advertisements
<

Leave a Reply