Photo: ကိုစိုင်း (ဂရုဏာလူမှုရေးအဖွဲ့) ၏ လူမှုကွန်ယက်စာမျက်နှာ

Jul 21, 2020

နန်းဆိုင်နွမ် ရေးသည်။

“ဖြစ်နိုင်ရင် အဲဒီနေ့ သမီးလေးကို ကျမ ဗိုက်ထဲ ပြန်ထည့်လိုက်ချင်တယ်”

ဝမ်းနည်းစိတ်ကို ထိန်းချုပ်ရင် ငိုမဲ့သံနဲ့ သူမ ပြောပါတယ်။

သူမက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က အိမ်အကူ ရွှေ့ပြောင်းအလုပ်သမတစ်ဦးဖြစ်တဲ့ မဝင်းခိုင်ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ကြောင့် အသွားအလာ ကန့်သတ်မှုတွေအပြင် လက်ထဲ ငွေကြေးမရှိတဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ သူမရဲ့ ကလေးကို အိမ်ထဲမှာပဲ ကိုယ်တိုင်မွေးဖွားခဲ့ရပြီး သမီးလေး သေဆုံးခဲ့ရတဲ့ မိခင်တစ်ဦး ဖြစ်ပါတယ်။

“ ည၁၂နာရီကျော်မှာ စပြီး ရေတွေဆင်းနေပြီ။ ၃နာရီခွဲ မှာ ကလေးက ခေါင်းထွက်လာတယ်။ ကျမ အဲဒီချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ဖြစ်မှန်းမသိတော့ဘူး။ ကလေးသာမွေးတာ စိတ်က ဒုန်းဒုန်းချပဲ” လို့ မဝင်းခိုင်က သူမကိုယ်တိုင် ကလေးမွေးတဲ့အချိန် အတွေ့အကြုံကို ပြောပြပါတယ်။

“ ယောက်ျားဖောင်စီး၊ မိန်းမ မီးနေ”ဆိုတဲ့ ဆိုးရိုးစကားအတိုင်း မဝင်းခိုင်တယောက် သေမင်းနဲ့ စစ်ဆင်နွှဲပြီး သမီးလေးကို လူ့ လောကထဲ ကိုယ်တိုင် ဆွဲခေါ်နိုင်ဖို့ ဇွဲ လုံ့လတွေနဲ့ ကြိုးစားခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရသူတစ်ယောက်ဖြစ်ခဲ့ရပါတယ်။

ဗိုက်ထဲကနေ လွတ်ကျွတ်စွာ ထွက်လာတဲ့အချိန် ကလေး အသက်ရှင်နိုင်ဖို့မျှော်လင့်ခဲ့ပေမယ့် ညိုမဲနေပြီး အသက်မရှိတဲ့ကလေးကို တွေ့လိုက်ရတဲ့အချိန် သူမ စိတ်ဓာတ်တွေ ပြိုကျပျက်စီးခဲ့ရပါတယ်။

“ အဲဒီနေ့က ကျမ ကလေးနောက်ကိုတောင် လိုက်ချင်နေတာ။ စိတ်ဓာတ်တွေကလည်း ကျတယ်။ နောက်မွေးလာတော့ ကလေးက သေနေတာဆိုတော့ စိတ်လည်းမကောင်းဘူး။ ကိုယ့်ကိုယ်ကိုယ်သတ်သေချင်နေတာ” လို့ မဝင်းခိုင် ငိုပြီးပြောလာပါတယ်။

ချက်ကြိုးတန်းလန်းနဲ့ သေဆုံးနေတဲ့ ကလေးဘေးမှာ ငိုင်တွေပြီး စိတ်တွေ ရှုပ်ထွေးခဲ့ပေမယ့် သူမဟာ ရဲရင့်စွာပြန်လည် နိုးထလာပြီး ကလေးရဲ့ ချက်ကို ကိုယ်တိုင် ဖြတ်ချလိုက်ပါသေးတယ်။

“ ချက်ကြီးကလည်း ကျမ ဒီတိုင်းပဲ တိုင်းပြီး ကိုယ့်ဘာသာကိုယ်ဖြတ်လိုက်တာ။ ကြောက်စိတ်မရှိတော့ဘူး။ ကလေးစိတ်ပဲရှိတော့တယ်။ ကလေးက အသက်မပါတော့ ကိုယ့်ဘာသာကို လက်နဲ့တိုင်းပြီးပဲ ဖြတ်လိုက်တာ။ စိတ်ကတော့ ထွေပြားနေတာ” လို့မဝင်းခိုင် က ဖြစ်ပျက်ခဲ့တဲ့အရာကို ပြန်ပြောပြပါတယ်။

အိမ်အကူအလုပ် လုပ်ခဲ့တဲ့ မဝင်းခိုင်ဟာ အိမ်ရှင်တွေရဲ့ အယူသည်းမှုကြောင်း ကိုယ်ဝန်လနုကတည်းက အလုပ်ထုတ်ခံလိုက်ရပြီး ယောက်ျားဖြစ်သူရဲ့ ဝင်ငွေနဲ့ပဲ မိသားစု ရပ်တည်နေကြရတာဖြစ်ပါတယ်။

Photo: ကိုစိုင်း (ဂရုဏာလူမှုရေးအဖွဲ့) ၏ လူမှုကွန်ယက်စာမျက်နှာ

“ကျမ ကိုယ်ဝန် ၃ လလောက်မှာ အလုပ်နားလိုက်ရတယ်။ ဒီဘက်မှာက ကိုယ်ဝန်သည်ဆိုရင် သူတို့က ပေးမလုပ်ဘူး။ အယူရှိကြတယ်”လို့ မဝင်ခိုင်က ပြောပါတယ်။

ကလေးကို ကိုယ်ဝန်ဆောင်တဲ့အချိန်မှ စပြီး လင်းမယား ၂ဦး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ကြတာပါ။ သူတို့လင်းမယားဟာ ကလေးကို မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မှာ ပြန်မွေးဖွားဖို့အတွက် ပြင်ဆင်ခဲ့ပြီး တာချီလိတ်မှာပဲ ကိုယ်ဝန်အပ်နှံခဲ့တာပါ။

ဒါပေမယ့် ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် နယ်စပ်တံခါးတွေ ပိတ်ချလိုက်သလို ယောက်ျားဖြစ်သူလည်း အလုပ်မမှန်တော့ပဲ အတည်တကျ လစာ မရှိတော့တဲ့အချိန်မှာ မဝင်းခိုင်တို့ရဲ့ မိသားစု ကြမ္မာဆိုး စတင်ခဲ့တာလို့ ဆိုရပါမယ်။

ကလေးမွေးဖွားမယ့်ရက်မှာတော့ လင်မယားနှစ်ယောက်လုံးပေါင်းမှ ပိုက်ဆံ ဘတ် ၂၀၀ (မြန်မာငွေ ၈၀၀၀ ကျပ်ဝန်းကျင်) သာ ရှိတဲ့အတွက် ကိုယ့်ဘာသာကိုယ်ပဲ မွေးဖို့ နှစ်ဦးသား ရဲတင်းစွာ ဆုံးဖြတ်ခဲ့ရပါတယ်။ နေအိမ်မှာ ကိုယ့်ဘာသာ ကလေးကိုမွေးဖွားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် တကယ်တမ်းမှာ သူမမှာ မွေးဖွားဖို့ အားမရှိတဲ့အတွက် သမီးလေး သေဆုံးခဲ့ရတယ်လို့ မဝင်းခိုင်က ဆိုပါတယ်။

ကလေးလည်း သေဆုံးခဲ့ပြီး မျှော်လင့်သလို တစ်ခုမှ မဖြစ်လာတဲ့အတွက် နောက်ဆုံးမှာ မယ်ဆိုင်မြို့ လူမှု ဂရုဏာကူညီရေးအသင်းကို ဖုန်းဆက်ပြီး ကိုယ်တိုင်းမွေးဖွားနေတဲ့အကြောင်းကို အသိပေးပြီး အကူအညီတောင်းလိုက်ရပါတယ်။

“ဒီလိုဖြစ်သွားပြီး ဆေးရုံကားလာခေါ်တော့ ပိုက်ဆံက လက်ထဲ ဘတ် ၂၀၀ ပဲရှိတယ်။ ဆေးရုံကို လိုက်ခဲ့၊ ပိုးဝင်သွားမယ်လို့ ပြောလို့သာ လိုက်သွားရတာ။ တကယ်တော့ မလိုက်ချင်ဘူး” လို့ အသံတိုးညင်းစွာ မဝင်းခိုင်က ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားအများစုဟာ အလုပ်လက်မဲ့ဖြစ်လာကြသလို တချို့မှာ ဝင်ငွေ အနည်းငယ်နဲ့သာ ခက်ခက်ခဲခဲ ရပ်တည် နေထိုင်နေကြရပါတယ်။ အဲဒီထဲမှာ အမျိုးသမီးဖြစ်တဲ့အတွက် ပိုပြီး အလုပ်ထုတ်ခံရမှုတွေရှိသလို မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အဓိက တာဝန်ယူနေကြရတာဖြစ်တဲ့အတွက် အမျိုးသမီးနဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကတော့ ပိုမိုအခက်ကြုံနေကြရတယ်လို့ ထိုင်းရောက် လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။

လူမှုကူညီရေးအဖွဲ့ အများစုဟာ အလုပ်လက်မဲ့ဖြစ်သွားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စားဖို့အတွက်သာ ကူညီပေးခဲ့ပေမယ့် ကိုယ်ဝန်သည် အမျိုးသမီးတွေ အတွက် သေချာ ဂရုစိုက်ကြည့်ရှုပေးခြင်း၊ ဆေးဖိုးပေးခြင်း သိပ်မရှိကြကြောင်းလည်း မယ်ဆိုင်မြို့ လူမှုဂရုဏာ ကူညီရေး အသင်း ဥက္ကဌ ကိုစိုင်းက ပြောပါတယ်။

“ အခု ဖြစ်သွားတာ ကျွန်တော်တို့အတွက် သင်ခန်းစာအများကြီးပေးသွားတယ်။ ကျွန်တော်တို့ အရင်က ကိုယ်ဝန်သည် အမျိုးသမီး ရှိတာသိပေမယ့် ဂရုစိုက်တာမလုပ်ခဲ့ဘူး။ ကိုယ်သိနေရက်နဲ့ မလုပ်ပေးနိုင်ခဲ့တာ စိတ်မကောင်းဘူး” ဟု ကိုစိုင်း က ဆိုပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံ မယ်ဆိုင်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲ က ကိုယ်ဝန်သည် အမျိုးသမီးစာရင်းတွေကို စတင်ကောက်ခံမှုတွေပြုလုပ်ပြီး၊ ငွေကြေးမတက်နိုင်ပါက အဖွဲ့အစည်းကို အကြောင်းကြားဖို့ ပြောဆိုထားရကြောင်း ကိုစိုင်း က ပြောသည်။

“ကျွန်တော်တို့ အခု ကိုယ်ဝန်သည်တွေကို ပိုပြီး ဂရုစိုက်နေရတယ်။ နောက်ထပ်မဖြစ်ဖို့ ကာကွယ်ရမယ်” ဟု ကိုစိုင်း က ထပ်လောင်း ပြောပါတယ်။

ယခု မဝင်းခိုင်တယောက် ဆေးရုံမှ ပြန်ဆင်းခဲ့ပေမယ့် မယ်ဆိုင် လူမှုကူညီရေး အဖွဲ့မှ လိုအပ်တဲ့ ပစ္စည်းနဲ့ စားသောက်ကုန်တွေကို ထပ်မံ ပြီး ကူညီပေးနေကြောင်းသိရပါတယ်။

ကိုဗစ်-၁၉ ကာလ အဆင်မပြေမှုတွေကြား ကလေးဒီလိုဖြစ်ခဲ့ရတဲ့အပေါ် ယူကျုံးမရဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတဲ့အကြောင်းလည်း မဝင်းခိုင် ကပြောပါတယ်။

ခုချိန်မှာတော့ စားဝတ်နေရေး ကြပ်တည်းမှုတွေက မဝင်းခိုင်အတွက် မပြောပလောက်တဲ့ သောက ဖြစ်လာပါတယ်။

ဝမ်းတွင်းက ကိုယ်တိုင် ဆွဲထုတ်ပြီး အသက်မဲ့ သမီးလေးခနာကိုယ်ကို ကိုယ့်လက်ပေါ်မှာ သေချာမြင်တွေ့ခဲ့ရတဲ့ မဝင်းခိုင်ရဲ့ ရင်တွင်းက နာကျင်မှုက ဘယ်အရာနဲ့ မှ ကုစားလို့ ရနိုင်မယ် မထင်ပါဘူး။ ကိုဗစ်-၁၉ ဟာ သူမအတွက် ထာဝရ အိပ်မက်ဆိုးကြီးအဖြစ် ကျန်ရစ်နေဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။

“ အခုချိန်မှာ ကျမ ဘာလိုချင်လဲ ဘာလိုအပ်လဲဆိုရင် ကျမ သမီးလေးကို ရရင် ပြန်လိုချင်တယ်” လို့ မဝင်းခိုင်တယောက် ရှိုက်သံဖြင့် ပြောလာပါတယ်။

( ယခုဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က စီစဉ်လုပ်ဆောင်သည့် HI Burma – Honest Information for Burma Website ( www.hiburma.net ) မှ တဆင့်ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။)
= = = = = = = = = = = = = =
ပုံစာ
Photo: ကိုစိုင်း (ဂရုဏာလူမှုရေးအဖွဲ့) ၏ လူမှုကွန်ယက်စာမျက်နှာ

Leave a Reply