Advertisements

“မွန်ပြည်နယ်ကို သွား၊ ကဲ ပေးတော့ သိန်း ၁၃၀။ ကရင်ပြည်နယ်လည်း သွား၊ ပေး သိန်း ၁၃၀။ ကြိုက်တဲ့ တိုင်းနဲ့ ပြည်နယ်သွား၊ ပေး သိန်း ၁၃၀၊ ဖမ်းရမယ့် နေရာ မမေးနဲ့။ ရဲတွေ သိမှာပါ”
မူးယစ်ဆေး သတင်းက အဲဒီလို ပေးရမလို ဖြစ်နေမလားပဲဟရို့…။

မူးယစ်ဆေးဝါးစိုက်ပျိုးတာ၊ ထုတ်လုပ်တာ၊ လက်ဝယ်ထားရှိတာ၊ သယ်ဆောင်တာ၊ ဖြန့်ဖြူးတာ၊ ရောင်းဝယ်ဖောက်ကားတာတွေကို ထိထိရောက်ရောက်ဖော်ထုတ်မယ်တဲ့ဟေ့၊ နှစ်ထောင်းအားရ ရှိလိုက်တဲ့ ဖြစ်ခြင်း။ ဘာပြောကောင်းမလဲ၊ ဝမ်းသာတာပေါ့။မူးယစ်ဆေးကြောင့် ကျနေရတဲ့ မိသားစုမျက်ရည်တွေဆိုတာ နည်းမှ မနည်းပဲကလား။

ကျမျက်ရည် ချောင်းမစီးဘူးဆိုရင်တောင် တစ်ခါငိုရင် လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးစာတော့ မျက်ရည်ထွက်မှာ အဟုတ်ပါ။

မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် နှိမ်နင်းနိုင်ဖို့ နိုင်ငံတော်သမ္မတရုံးမှာ အထူးသတင်းပေး တိုင်ကြားရေးဌာနဖွဲ့စည်းထားသတဲ့။ သတင်းပေးတိုင်ကြားသူတွေကိုလည်း ထိုက်တန်တဲ့ဆုကြေးနဲ့ အခွန်ကင်းလွတ်ခွင့်ပေးမယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောထားတယ်လေ။

“သတင်းပေးတိုင်ကြားသူ တွေကို ထိုက်ထိုက်တန်တန် ဆုကြေးချီးမြှင့်ပေးရာမှာ သူတို့ရဲ့ လုံခြုံရေးကို အထူးဂရုပြုတဲ့အနေ နဲ့ သတင်းထုတ်ပြန်ပေးမှာမဟုတ် သလို နိုင်ငံတော်ချီးမြှင့်ငွေဖြစ်တဲ့ အတွက် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကိုလည်း ပေး သွားမှာ ဖြစ်ပါတယ်”လို့ သမ္မတက ဇွန် ၂၆ ရက်တုန်းက နေပြည်တော် ကွန်ဗင်းရှင်းဗဟိုဌာနမှာ ပြောခဲ့တယ်။

သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မူးယစ်ဆေး သတင်းပေးသူကို တစ်ယောက် အနည်းဆုံး သိန်း ၁၃၀ လောက် ချီးမြှင့်ဖို့ အကြမ်းဖျင်း ခန့်မှန်း တွက်ချက်ထားတယ်လို့ ဆိုသတဲ့။ သတင်းစာထဲ အဲဒီလို ဖတ်ရတော့ သွားရည်ယိုမိသေး။

မက်လောက်စရာ ငွေကြေးနှုန်းထားပါပဲ။ ကိုယ်တွေမှာက အနိမ့်ဆုံး လုပ်ခ တစ်ရက် ၄၈၀၀ နဲ့ တိုင်ပတ်နေကြတာမဟုတ်လား။

သို့ကလို ဆိုပေမင့် မောင်ကာက တို့ ပြည်သူတွေကရော တိုင်ကြ တောကြတော့မလား၊ ဒါတော့ စောင့်ကြည့်လေ့လာရမှာပေါ့လေနော။

မူးယစ်ဆေးသတင်း ဘယ်တိုင်း၊ ဘယ်ပြည်နယ်မှာ ကြားမိသလဲ။ ဒီမေးခွန်းက ဖြေရခက်တယ်။ မူးယစ်ဆေးသတင်း မကြားရတဲ့ ဒေသကိုပြော၊ ဒီမေးခွန်းကျ ဖြေရလွယ်ပြန်ရော။ မကြားရတဲ့ ဒေသ မရှိဘူးကိုး။
ဒါပေမဲ့ ပြည်သူဆိုတာက အရေးဟယ် အကြောင်းဟယ်ဆို ရဲပဲ အားကိုးစရာရှိတာ။ ရဲပဲ လွှဲချရမှာပဲ။
မူးယစ်ဆေးသတင်းကို ရဲတွေကိုပဲ မေးပါ သမ္မတကြီးရယ်…။

မူးယစ်ကိစ္စရပ်နဲ့ ပတ်သက်လို့ သတင်းပေးသူကို ဖမ်းဆီးရမိ တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်း၊ သွား ဖမ်းတဲ့ ရဲကို ၂၀ ရာခိုင်နှုန်း ဆုကြေးချီးမြှင့်ပေးမလ့ို ကြားရတယ်။

သတင်းပေးသူကို ချီးမြှင့်မယ့် ၁၀ ရာခိုင်နှုန်းကတော့ စို့စို့ပို့ပို့ ရှိတယ်။ ဒါပေမယ့် ရဲကို ပေးမယ့် ၂၀ ရာခိုင်နှုန်းဆိုတာကျ နည်းပြန်ရောလို့ မောင်ကာကတော့ ခံစားမိတယ်။
သတင်းပေးသူအတွက် ချီးမြှင့်မယ့် ကော်မရှင်လေးပါ ရဲကို ပေါင်းပေးလိုက်ပါလားလို့ အကြံပြုရ ကောင်းမလားပဲ။ ခုနက ပြောသလို အရေးဟယ် အကြောင်းဟယ်ဆို ရဲပဲ အားကိုးစရာရှိတာ မဟုတ်ပါလား။
ပြည်သူကတော့ ကြည်ဖြူမှာပါ လို့ မောင်ကာက ယုံတယ်။
ဒါပေမဲ့ ပြည်သူတွေကလည်း တိုင်ရဲတဲ့ သတ္တိ ရှိလေဦးမှကိုး။

“မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူအများစုက သူတို့ကိုယ် သူတို့ကာကွယ်ဖို့ လက်နက်ကိုင်ဆောင် ထားတယ် ။ ကရင်ပြည်နယ်မကဘူး ၊ တစ်ကမ္ဘာလုံးမှာလည်း အဲလိုပဲ။ ကျွန်တော်တို့ဖမ်းဆီးတဲ့နေရာမှာလည်း လက်နက်တွေနဲ့အတူ ဖမ်းဆီးရတာတွေလည်း ပါတယ်။ သူတို့က မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းက ဆိုတာ တိတိကျကျ ထွက်လာတာမရှိဘူး ။ မူးယစ်ဆေးဝါးရောင်းချဖို့ သီးသန့် သူတို့လက်နက် ကိုင်တာမျိုးပဲ သွားပြီးတော့တွေ့ရတယ်”လို့ အမှတ် ၃၁ မူးယစ်တပ်ဖွဲ့စု မူးယစ်တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူး ထွန်းထွန်းဦးက မီဒီယာကို ပြောထားတာလည်း ဖတ်ရ သိရပါတယ်။

ဟုတ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေအဖို့ရာလည်း အဲဒီအခက်ဟာ လွယ်မယောင်နဲ့ ခက်၊ တိမ်မယောင်နဲ့ နက်ပါတယ်။
အမှောင်ထဲက လူဆိုတာတော့ သေနတ်မရှား၊ သနားမရှိဘဲလေ။ ရဲသော်ကော ပြည်သူသော်ကော နားလည်မှာရယ် မဟုတ်။ သူ့ကိုယ်ကျိုးစီးပွား ထိခိုက်လာရင် ဆော်ထည့်လိုက်မှာပဲကိုး။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရဆို ဒီ ၂၀၁၈ ခုနှစ် ၆ လတာအတွင်း မူးယစ်ဆေးအမှု ၂၁၅ မှု ဖမ်းမိတာမှာ တရားခံ ၂၆၆ ဦးနဲ့အတူ ကျပ်သိန်း ၁၇,၂၄၀ တန်ဘိုးရှိ စိတ်ကြွဆေးပြား ၃၇၄,၀၀၀ပြား၊ ICE ၇,၄၀၀ ဂရမ်၊ ဘိန်းဖြူ ၉၆ ဂရမ်တို့အပြင် လက်နက် ၂၄ လက်၊ ခဲယမ်း ၄၆၆ ထောင့်၊ ဗုံး ၂၆လုံး ပါနေပါတယ်။
ဒါ သာဓက ဆောင် တင်ပြတာပါ။
ဒါ အကင်းပဲ ရှိသေးတယ်လို့ ဆိုနိုင်ပါတယ်။

အလင်းထဲက လူက အမှောင်ထဲကို မမြင်နိုင်ပေမယ့် အမှောင်ထဲကလူကတော့ အလင်းထဲကို ထင်းထင်းရှင်းရှင်းကြီး မြင်နေမှာ အသေအချာပါပဲ။ မူးယစ်ဆေးဝါးနဲ့ လက်နက်က ကျောနဲ့ ရင်လို ကပ်နေတာဆိုတော့ မောင်ကာက လို ပြည်သူတစ်ယောက်အဖို့ အတော်လေးကို သတ္တိမွေးပြီးမှ တိုင်ရပါလိမ့်မယ်။
ဒါပေမဲ့ အားရှိစရာတော့ ရှိပါတယ်။

သတင်းပေး တိုင်ကြားသူတွေ ပေးပို့လာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ဗဟိုမှာ ဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ကို စေလွှတ်မယ်လို့ သမ္မတကြီးက ပြောထားပါတယ်။

‘‘အထူးအဖွဲ့ရဲ့ လှုပ်ရှား ဆောင်ရွက်မှုဆိုင်ရာ သတင်းအ ချက်အလက်မှန်သမျှပေါက်ကြား ခြင်းမရှိအောင်၊ လျှပ်တစ်ပြက် သွားရောက်ဖမ်းဆီးနိုင်အောင် အမိန့်ပေးကွပ်ကဲမှုလမ်းကြောင်း ကို အတိုဆုံးဖြစ်အောင် ပြင်ဆင် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်’’ဟု သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် ပြောလိုက်တော့ အားရှိရပါတယ်။

သတင်းရရင် ပြန်ပြီး တိုင်သင့်တာပေါ့။
အစကတော့ မောင်ကာကတို့များ အတွေးချော် အတွေးချောင်လိုက်သေးတာ။
ဘာလဲဟ၊ သိန်း ၁၃၀ ကော်မရှင်ပေးပြီး ငါတို့များ ခွေးဆိုး အမြှီးဆွဲခိုင်းတာလား၊ ဘာညာပေါ့။ သမ္မတက တာဝန်ခံမှု တာဝန်ယူမှုရှိရှိ ပြောထားတော့ တိုင်မယ်ဆို တိုင်သင့်တယ်လို့ ခု အမြင်ပြောင်းသွားတာပေါ့။

“တိုင်ကြားသူများ၏ အချက် အလက်မပေါက်ကြားစေရေးအ တွက်ကိုလည်း လုံခြုံမှုအဆင့်အ တန်းမြင့်သော သတ်မှတ်လုပ်ထုံး လုပ်နည်းတစ်ရပ် ချမှတ်ပေးထားပြီးဖြစ်ကြောင်း သမ္မတက ပြောသည်”လို့ ဖတ်ရ သိရတော့ အားရှိလိုက်ပါဘိ။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ စီမံကိန်းဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းကတောင်မှ “နိုင်ငံတော်သမ္မတကိုယ်တိုင် နောက်က စိတ်ပါဝင်စားစွာ လမ်းညွှန်မှုပြုတဲ့အတွက် ကျွန် တော်တို့လုပ်ရကိုင်ရတာ ပိုပြီးတော့ အဆင်ပြေတာပေါ့’’လို့ ပြောထားပါတယ်။

အဲဒီ ဇွန်လ ၂၆ ရက်၊ အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးစားမှုနှင့် တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့မှာ မြန်မာနိုင်ငံထဲ တစ်နှစ် အတွင်း ဖမ်းမိသည့် ဘိန်းနှင့် စိတ် ကြွဆေးပြားများအပါအဝင် အမေရိကန် ဒေါ်လာ ၁၈၇ သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုပဲ။

လက်လွတ်သွားတဲ့ ကော်မရှင်ခ တွေလို့ မောင်ကာက တော့ တွက်မိတယ်။
မောင်ကာကသာ အစကတည်းက ကြိုသိရင်၊ အဲဒီဟာတွေ တိုင်ထားခဲ့မယ်ဆိုရင် ၁၀ ရာခိုင်နှုန်းဆို ၁၈ ဒသမ ၇ သန်းတောင်ရမှာနော်။ မြန်မာငွေနဲ့ဆို ကာကူလေတာတောင် ဆန့်ပါ့မလားမသိ။

၂၀၁၇ -၁၈ အတွင်းမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အမှုပေါင်း တစ်သိန်းသုံးသောင်းကျော်ကနေ ကျပ်ဘီလီယံ ၅၂၀ ကျော်အထိ ဖမ်းမိခဲ့ကြောင်း သမ္မတကပြောပါတယ်။

ကော်မရှင်နှုန်းပဲ မျက်စိထဲ ပြေးမြင်နေမိတဲ့ ကျွန်တော်မျိုးကြီး မောင်ကာက သေသင့်ပါတယ်လေ။
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ မေလနှောင်းပိုင်းက စံချိန်တင်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှု၏ တရားခံအဖြစ် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသော မောင်မောင် (ခ) HJ Yassin ပိုင်ဆိုင်မှု စုစုပေါင်း ပမာဏ၏ ထက်ဝက်ခန့် မော်လမြိုင်မြို့မှာ ရှိတယ်လို့ သတင်းထဲလည်း ဖတ်ရပြန်ရဲ့။
မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာက ရတဲ့ အကျိုးရလဒ်လို့ ယူဆရသည့် အရာတွေကို ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ မောင်မောင်ရဲ့ ပိုင်ဆိုင်မှုစုစုပေါင်းဟာ ကျပ်သိန်း ၇၀,၀၀၀ ခန့်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာပါဝင်လေရဲ့။ မော်လမြိုင်က သူ့ပိုင်ဆိုင်မှုပမာဏဟာ ကျပ်သိန်း ၃၄,၀၀၀ ကျော်တန် ခြံမြေတွေရှိကြောင်း မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့က မီဒီယာကို ပြောတာဖတ်ရပါတယ်။
လကုန်ရင် အိမ်ငှားခ ပေးဖို့ အကျပ်ရိုက်ချင်တိုင်း ရိုက်နေတော့ မောင်ကာကမှာ မနာလိုသလိုလို အားကျသလိုလိုကြီး ရင်ထဲ မအီမလည်ပါပဲဟရို့…။
ဘာဖြစ်ဖြစ်ကွာ…
ဆင်းရဲတွင်းက လွတ်ကင်းလို လွတ်ကင်းငြား ဒီတစ်ခါ မူးယစ်ဆေးဝါးကိစ္စ သတင်းကြားလို့ကတော့ တိုင်ပြီလို့သာ မှတ်။
သမ္မတရုံးထိ တိုင်ပြီလို့သာ မှတ်။
Written by မောင်ကာက

Advertisements
<

Leave a Reply