သမ္မတရုံးထုတ်ပြန်ချက် မွန်နှင့် ကရင် ပြည်နယ် မူးယစ်ဆေးဝါးအမှု ခြောက်မှု ပါဝင်

နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၁၉ ၏ ပထမဆုံးစာမျက်နှာ။

မော်လမြိုင် ဇန်နဝါရီ
ပြည်သူလူထုထံမှ တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါးသတင်းများနှင့်စပ်လျဉ်း၍ ဖော်ထုတ်ရရှိမှုများကို နိုင်ငံတော်သမ္မတရုံးက အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိရာတွင် သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၁၉ ကို ဇန်နဝါရီ ၇ ရက်တွင် ကြေညာခဲ့သည်။
မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားပေးပို့သော စိစစ်ဖော်ထုတ်အရေးယူမှုစာရင်းတွင် မွန်နှင့် ကရင်ပြည်နယ်မှ မပါဝင်ခဲ့သော်လည်း တပ်မတော်နှင့် ရဲတပ်ဖွဲ့က သီးခြားရရှိသော မူးယစ်ဆေးဝါး သတင်းများအပေါ် စိစစ်ဖော်ထုတ်ခြင်း၊ နယ်စပ်ပူးပေါင်းစစ်ဆေးဂိတ်များတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ နယ်မြေရှင်းလင်းခြင်း သတင်းအရ ယာဉ်များကို ရှာဖွေစိစစ်ခြင်း ဆောင်ရွက်ရာမှ ဖမ်းဆီးရမိမှု စာရင်းတွင်မူ ကရင်ပြည်နယ်မှ သုံးမှု၊ နောက်ဆက်တွဲ တစ်မှုနှင့် မွန်ပြည်နယ်မှ နှစ်မှုကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်ပြည်နယ် ဘားအံမြို့ အမှတ် ၃ ရပ်ကွက်ရှိ တည်းခိုခန်းကို သတင်းအရ ဝင်ရောက် စိစစ်ရာ တရားခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ ပေါင်း နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၊ ဇာသပြင်အနောက်ကျေးရွာ၌ တရားခံအမျိုးသားတစ်ဦးထံမှ ဘိန်းစာရွက် ၆၅၀၀ ဂရမ်၊ စိတ်ကြွဆေး ၉ ပြား၊ မြဝတီမြို့ ရပ်ကွက် ၅ ၌ တရားခံအမျိုးသားနှစ်ဦး ၊ အမျိုးသမီး တစ်ဦး၊ ပေါင်း သုံးဦးထံမှ စိတ်ကြွဆေး ၂၄ ပြား၊ မြဝတီမြို့ ရပ်ကွက်၄ လမ်းမပေါ်၌ တရားခံ အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေး ၇၉၅ ပြား၊ ကွင်းဆင်းစစ်ဆေးဖော်ထုတ်ချက်အရ ဇရစ်ချောင်းကျေးရွာ၌ တရားခံအမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေး ၅၇၆၅ ပြား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရေတွင်းကုန်းကျေးရွာ၌ တရားခံအမျိုးသား တစ်ဦးထံမှ စိတ်ကြွဆေးပြား ၄၀၀၊ ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်၌ တရားခံအမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေး ၇၆၃ ပြား ဖမ်းဆီးရမိကြောင်းလည်း ဖော်ပြထားသည်။
မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို သမ္မတရုံးတွင် ယမန်နှစ် ဇွန်လကုန်ပိုင်းမှ စ၍ ဖွင့်လှစ်ထားရှိခဲ့သည်။ မူးယစ်ဆေးနှင့် ပတ်သက်သူများကို တိုင်ကြားနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဇွန် ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားအပြီး ခြောက်လကျော်အကြာ ၂၀၁၉ ဇန်နဝါရီ ၅ ရက်အထိ စုံစမ်းဖော်ထုတ်ချက်များအရ အမှုပေါင်း ၄၅၀ မှု အရေးယူခဲ့ပြီး တရားခံ ကျား ၅၉၂ ဦး၊ မ ၁၁၁ ဦး ပေါင်း ၇၀၃ ဦးကို သက်သေခံ မူးယစ်ဆေးဝါးများအပြင် လက်နက်ခဲယမ်းအချို့ကိုပါ ဖမ်းဆီးရမိထားကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ၂၀၁၈ တွင် သမ္မတရုံးက သတင်းထုတ်ပြန်ချက် ၂၉ စောင် ကြေညာထားခဲ့ပြီး ယင်းအနက် အများစုမှာ အပတ်စဉ် မူးယစ်ဆေးဝါး ဖော်ထုတ်ဖမ်းဆီးမှုများ ဖြစ်ခဲ့သည်။
မူးယစ်ဆေးဝါး သတင်းပေးတိုင်ကြားလိုသူများအနေဖြင့် အော်တိုတယ်လီဖုန်းနံပါတ် ၀၆၇ – ၅၉၀၂၀၀ သို့ ဆက်သွယ်နိုင်ကြမည်ဖြစ်ပြီး တိုင်ကြားသူ အမည်နှင့် တိုင်ကြားသည့်အကြောင်းအရာကို အထက်ပါရုံးက လျှို့ဝှက်ပေးထားမည်ဖြစ်သည်။ ယင်းအပြင် ဖမ်းဆီးရမိသည့်တရားခံ၏ တရားမဝင်ပိုင်ဆိုင်မှုအပေါ်မှ သတ်မှတ်ထားသော အချိုးကျခွဲဝေပေးမှုကိုလည်း ရရှိနိုင်ကြမည်ဖြစ်ကြောင်း သမ္မတရုံးက ယမန်နှစ်ကတည်းက ကတိကဝတ်ပြုထားခဲ့သည်။
ကိုးကား – နိုင်ငံတော်သမ္မတရုံး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.