Advertisements

မော်လမြိုင် စက်တင်ဘာ

မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက် ၁၅ လမ်းရှိ ဒက္ခိဏာရာမကျောင်းတိုက်အတွင်းသို့ ပြည်နယ်သံဃမဟာနာယကအဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက ယနေ့ မွန်းလွဲပိုင်းတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ နိုင်ငံတော်သမ္မတရုံးကို တိုင်ကြားထားတဲ့ တိုင်ကြားစာအရ ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့တာပါ။ ရှောင်တခင် ဝင်ရောက်စစ်ဆေးတဲ့အချိန်မှာ သေနတ်ကျည်ဆံတွေ ဓား တုတ် လှံတွေနဲ့ အရက်ပုလင်းတွေ တွေ့ရှိခဲ့လို့ အရက်မူးနေတဲ့ ဘုန်းကြီးတစ်ပါးနဲ့ ကျောင်းမှာနေတဲ့ အမျိုးသား ၇ ဦး အမျိုးသမီး ၃ ဦးကို ရဲစခန်းခေါ်ယူပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟု ပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ဟင်္သာမီဒီယာသို့ ပြောသည်။

သတင်းအရ ကျောင်းတိုက်အတွင်း ဝင်ရောက်ရှာဖွေရာ ကျောင်းထိုင်ဆရာတော် ဥူးပညာသာရ (လူအမည် မိုးကျော် (၃၈ နှစ်) ) မှာ အရက်သေစာများ သောက်စားထားပြီး ၎င်းအိပ်ခန်းအတွင်းမှ GRAND ROYAL Whisky အရက်ပုလင်း အသစ် တစ်လုံးနှင့် သောက်လက်စအရက်များ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

ယင်းအခန်းအတွင်း ဆက်လက်ရှာဖွေခဲ့ရာ အရက်ပုလင်းများအပြင် တရားမဝင် လက်နက်ခဲယမ်းများ ဖြစ်သော ၉ မမကျည် ၈ တောင့်နှင့် တုတ် ဓား လက်နက် လှံ များ ပြုလုပ်ထားသည်ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းမှ ဒုရဲအုပ် မင်းမင်းထွန်းက ပြောသည်။

“တိုင်ကြားစာအရတော့ မူးယစ်ဆေးဝါးတွေကို ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့ခြင်း မရှိပါဘူး။ တုတ် ဓား လက်နက်ခဲယမ်းတွေကိုပဲ တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ” ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဥူးပညာသာရ (လူအမည် မိုးကျော်)ကို ပြည်နယ်သံဃနာယကအဖွဲ့ ခွင့်ပြုချက်ဖြင့် လူဝတ်လဲစေ၍ မုပွန်နယ်မြေရဲစခန်း၌ ရဲအရေးမပိုင်မှု အမှတ်စဉ် ၃/၂၀၁၈ သာသနာညိုးနွမ်းစေမှု ဥပဒေပုဒ်မ ၂၉၅ (က) အရ အမှုဖွင့် ဖမ်းဆီးခဲ့ပြီး အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၃ ဦးကို ရဲစခန်းသို့ ခေါ်ယူစစ်ဆေးကာ ခံဝန်ကတိပြု လက်မှတ်ရေးထိုးစေပြီး ပြန်လွှတ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက စက်တင်ဘာ ၂၇ ရက်က ပြောခဲ့သည်။

ခေတ်မင်း

Advertisements
<

Leave a Reply