ခရိမ်ကျောင်းကြီးပိုင်မြေ

မော်လမြိုင်၊ ဇွန် ၇

မော်လမြိုင်မြို့ ၊ ဘိုကုန်းရပ်ရှိ ခရိမ်ကျောင်းကြီးပိုင် သာသနာ့နယ်မြေအတွင်း ကျူးကျော်အဆောက်အအုံများ ကို ဖယ်ရှားပေးရန် မွန်ပြည်နယ်အစိုးရထံ စာပို့တိုင်ကြားခဲ့သော်လည်း တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သော်လည်း ပြည်နယ်အစိုးရ က ယနေ့ချိန်ထိ ပြေလည်အောင်ဆောင်ရွက်ပေးခြင်း မရှိကြောင်း ခရိမ်ကျောင်းကြီး ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

“ဘုန်းဘုန်းတို့ စာတင်ထားတာကတော့ သူတို့ဆီတော့ ရောက်မယ်ထင်တာပဲ သူတို့ညွှန်ကြားတာတွေလဲ ဘုန်းဘုန်းဘာမသိရဘူး ဘုန်းဘုန်းဆီကိုလဲ ဘာမရောက်ဘူး” ဟု ဆရာတော်က မိန့်သည်။

အဆိုပါ ကျူးကျော်အဆောက်အအုံများသည် ခရိမ်ကျောင်းကြီး ဆရာတော်အဆက်ဆက်ထံ ဆိုင်ခန်းဖွင့်ခွင့်တောင်းဆို ဈေးရောင်းချနေသူများဖြစ်ပြီး အချိန်ကြာမြင့် လာသည့်နှင်အမျှ နေအိမ်အခိုင်အခန့် တည်ဆောက် နေထိုင်ပြီး ယခုအချိန်တွင်မြေရောင်းချမှုအထိဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ခရိမ်ကျောင်းကြီး ဒါယကာ ဦးသိန်းထွန်းဦးက ဆိုသည်။

“အရင်တုန်းက ညဈေးတန်းတွေပေါ့ ဒါတွေကလဲ ဆရာတော်တွေက ခွင့်ပြုထားတယ်၊ နောက်ပိုင်း တဲကလေး ဘယ်ဆရာတော်ကိုမှ ခွင့်ပြုချက်မတောင်းပဲ အိမ်လေးဆောက်ပြီး နေလာတာ နှစ်ဆက်သုံးဆက်ရှိနေပြီ” ဟု ဦးသိန်းထွန်းဦးက ပြောသည်။

ထိုသို့ ခွင့်ပြုချက်မတောင်းပဲ အိမ်မြေကျူးကျော်တည်ဆောက်ခြင်းများကို ဖယ်ရှားပေးနိုင်ပါရန် ပြည်နယ်ဝန်ကြီး ချုပ်ထံ ဇူလိုင်လ ၉ရက်နေ့ ၂၀၁၈တွင်လည်းကောင်း စက်တင်ဘာလ ၁၇ ရက် ၂၀၁၈တွင်လည်းကောင်း စာတင်တိုင်ကြားခဲ့ကြောင်း သိရသည်။

“ဒီမြေတွေကို ဘုန်းဘုန်းလက်ထက်မှာ ရှင်းရှင်းလင်းလင်းဖြစ်ချင်တယ် နောက်မှပြသနာတွေ ဆက်ဖြစ်နေမှာ ကို မလိုလားဘူး” ဟု ဆရာတော် ဦးဥတ္တရက မိန့်သည်။

ထို့ပြင် စာတင်တိုင်ကြားမှုများရှိခဲ့သော်လည်း ပြည်နယ် အစိုးရက ဖြေရှင်းပေးခြင်းမရှိသောကြောင့် နိုင်ငံတော် သမ္မတ ထံ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် ကျူးကျော်နေရာများ ဖယ်ရှားပေးနိုင်ရန် တိုက်ရိုက်တင်ပြခဲ့ကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်သည်။

ရန်လင်းအောင်

Leave a Reply