Advertisements

ရန်ကုန်၊ နိုဝင်ဘာ ၁၄

မြန်မာနိုင်ငံ အတွင်းရှိ မြို့ကြီး များ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) မှ ကြီးမှူး၍ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း ဘာသာပေါင်းစုံ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ ခြင်းသည် ဘာသာ ၊ သာသနာရေးကို နိုင်ငံရေး အတွက် အလွဲသုံးစားမှု ပြုလုပ်ခဲ့ခြင်း မဟုတ်ကြောင်း ပါတီ ဗဟိုကော်မတီ အဖွဲ့ဝင် ဦးဉာဏ်ဝင်းက တုံ့ပြန် ပြောကြား လိုက်သည်။

“ဆုတောင်း တာကို အလွဲသုံးစား လုပ်တယ်လို့ ဘယ်လိုလုပ် အဓိပ္ပါယ် ဖွင့်လို့ ရမှာလဲ။ အဲဒါကိုက မှားနေပြီ” ဟု ဦးဉာဏ်ဝင်းက တုံ့ပြန် ပြောကြား ခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) မှ ကြီးမှူး ကျင်းပခဲ့သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ များနှင့် ပတ်သက်ပြီး နိုင်ငံရေး ပါတီ (၂၇) ပါတီမှ အချက် ဆယ်ချက်ပါ ပူးတွဲ သဘောထား ထုန်ပြန်ချက် တစ်ခုကို နိုဝင်ဘာ (၁၃) ရက်က ထုတ်ပြန် လိုက်ခြင်းအပေါ် ဦးဉာဏ်ဝင်းက ယခုကဲ့သို့ တုံ့ပြန် လိုက်ခြင်း ဖြစ်သည်။

ထိုဘာသာ ပေါင်းစုံ ဆုတောင်းပွဲ များသည် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် လူစု လူဝေးပွဲများ ပြုလုပ် ခဲ့ခြင်း ဖြစ်ကာ ပါတီခေါင်းဆောင်၏ ပုံရိပ် မြှင့်တင် ထောက်ခံမှုများ ရရှိ စေနိုင်မည့် နိုင်ငံရေး စုဝေးပွဲ (သို့မဟုတ်) ဆုတောင်းပွဲ များသာလျှင် ဖြစ်၍ နိုင်ငံရေး ကိစ္စ အလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစား ပြုလုပ်ရာ ရောက်သည်ဟု သုံးသပ်ကြောင်းလည်း ထုတ်ပြန်ချက်၌ အတိအလင်း ဝေဖန် ထားပါသည်။

ဆက်လက်၍ ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံ အတွင်း ကျင့်သုံး နေသည့် အရာနှင့် နိုင်ငံ အတွင်း နေထိုင် ကြသည့် လူအများ ယုံကြည် လက်ခံသည့် ဆုတောင်းမှု ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

နိုင်ငံရေး ပါတီ (၂၇) ပါတီ၏ နိုဝင်ဘာ (၁၃) ရက် ပူးတွဲ သဘောထား ထုတ်ပြန် ချက်တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနား များ၌ နိုင်ငံရေး ပရိယာယ်များ ထည့်သွင်း ဆောင်ရွက်မှုကို ကန့်ကွက်ကြောင်း ဖော်ပြထားပြီး ဘာသာရေးကို နိုင်ငံရေး အတွက် အလွဲသုံးစား ပြုသည့် နိုင်ငံရေး ပါတီကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် အညီ အရေးယူ ရမည် ဖြစ်ကြောင်း ပါရှိသည်။

သို့သော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) က ပြုလုပ် ခဲ့သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲများ ပြုလုပ် ခြင်းသည် ဘာသာ ပေါင်းစုံ၏ လွတ်လပ်စွာ ပြုလုပ် ဆောင်ရွက်ခွင့် ဖြစ်ခြင်းကြောင့် မည်သည့် ဥပဒေနှင့်မျှ တားဆီး၍ မရ နိုင်ကြောင်း ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ၎င်း၏ အမြင်ကို ပြောသည်။

“ဒါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံသားတိုင်းကို ပေးထားတဲ့ အခွင့်အရေးပါပဲ”ဟု ဦးလှဌေးက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ နိုင်ငံသားတိုင်း မိမိတို့ ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ် နိုင်သည်ဟု ဦးလှဌေးက ဆက်ပြောသည်။
၂၀၁၇ အောက်တိုဘာ လအတွင်း၌ ဘာသာပေါင်းစုံ ဆုတောင်းပွဲ များကို မြန်မာနိုင်ငံ တွင်းရှိ မြို့ကြီး များတွင် အပတ်စဉ် အင်္ဂါနေ့တိုင်း (၄) ကြိမ်တိုင် ကျင်းပ ခဲ့ပြီး ဖြစ်သည်။

Written by – အောင်ကျော်ထွန်း

Advertisements
<

Leave a Reply