Advertisements

သားဆက်ခြားခြင်းသည် အမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို ၃၈ ရာခိုင်နှုန်းအထိ ပိုလာစေကြောင်း သုတေသနတစ်ခုအရသိရသည်။

သန္ဓေတားဆေးသောက်ခြင်း၊ ထိုးခြင်း၊ သန္ဓေတားပစ္စည်းထည့်ခြင်း စသဖြင့် သန္ဓေတားနည်းအားလုံးသည်ပင် ရင်သားကင်ဆာဖြစ်နိုင်ခြေကို ပိုများစေနိုင်ကြောင်း သိရသည်။

ကိုပင်ဟေဂင်တက္ကသိုလ်ရှိ သုတေသနပညာရှင်များသည် ဒိန်းမတ်နိုင်ငံမှ အသက် ၅၀ အောက် အမျိုးသမီးပေါင်း ၁ဒသမ၈ သန်း၏ အချက်အလက်များကို လေ့လာခဲ့ခြင်းဖြစ်ကာ ယင်းအမျိုးသမီးများ၏ ကျန်းမာရေးအခြေအနေကို ၁၁နှစ်ကြာ စောင့်ကြည့်ခဲ့သည်ဟုဆိုသည်။

သန္ဓေတားသည့်ဆေးကို ကြာရှည်သုံးစွဲလေ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေများလေဖြစ်ပြီး ပျမ်းမျှအားဖြင့် ၂၀ ရာခိုင်နှုန်း ဖြစ်နိုင်ချေပိုများသည်ဟုဆိုသည်။

သုသေတနပြုလေ့လာ စောင့်ကြည့်မှုများအရ သန္ဓေတားဆေးကို တစ်နှစ်ကြာ သုံးစွဲလျှင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ ၉ ရာခိုင်နှုန်း မြင့်တက်လာပြီး ဆယ်နှစ်ကြာသုံးစွဲလျှင်တော့ ၃၈ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရှိခဲ့ရသည်။

သန္ဓေတားဆေးကို ငါးနှစ်အထက် သုံးစွဲဖူးသော အမျိုးသမီးများသည်လည်း သန္ဓေတားဆေးကို ဆက်မသုံးတော့သည့်တိုင် အနည်းဆုံး ငါးနှစ်ခန့်အထိ အန္တရာယ်ရှိသော အနေအထားတွင် ရှိနေသေးကြောင်း သိရသည်။

သန္ဓေတားဆေးသောက်ခြင်းနှင့် ရင်သားကင်ဆာဖြစ်ပွားခြင်းတို့မှာ ဆက်စပ်နေသည်ကို သိရှိထားကြပြီးဖြစ်သော်လည်း ယခု သုတေသနအသစ်မှ အခြားသော သန္ဓေတားနည်းအသစ်များကိုပါ ဆက်စပ်လေ့လာထားခြင်းဖြစ်သည်ဟု ပါမောက္ခ ဒေးဗစ်ဟန့်တာက ပြောသည်။

‘သုတေသနရလဒ်တွေအရတော့ အခြားသော သန္ဓေတားနည်းတွေဟာလည်း ရင်သား ကင်ဆာဖြစ်ပွားခြင်းနဲ့ မဆက်နွှယ်ဘူးလို့ မတွေ့ရှိရပါဘူး’ ဟု ၎င်းက ဆိုသည်။

သို့သော် ရင်သားကင်ဆာမှာ အမျိုးသမီးငယ်များတွင် ဖြစ်ပွားသည်ကို သိပ်မတွေ့ရသေးဟုဆိုသည်။ အဆိုပါ သုတေသနတွင် ပါဝင်သည့် အသက် ၃၅ နှစ်အောက် အမျိုးသမီးပေါင်း ငါးသောင်းတွင် တစ်ယောက်လောက်သာ ဖြစ်သည်ကို တွေ့ရသည်ဟုဆိုသည်။

‘အသက်ကြီးတဲ့ အုပ်စုတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရတယ်’ ဟု ဟန့်တာက ဆိုသည်။
အသက်ငယ်သောအမျိုးသမီးများတွင် သန္ဓေတားခြင်းနှင့် ရင်သားကင်ဆာ ဆက်စပ်မှုနှုန်း အနည်းငယ်သာတွေ့ရပြီး အသက် ၃၀ ဝန်းကျင်နှင့် ၄၀ ဝန်းကျင်ကို ယှဉ်ကြည့်ပါက အသက် ၄၀ ဝန်းကျင်အမျိုးသမီးများက ရင်သားကင်ဆာဖြစ်နိုင်ခြေ ငါးဆခန့်ပိုများနေကြောင်း တွေ့ရသည်ဟုဆိုသည်။ ထို့ကြောင့် အသက်၃၀ ကျော် ၄၀ ဝန်းကျင် အမျိုးသမီးများအနေဖြင့် ဟော်မုန်းပြောင်းနည်းမဟုတ်သော သန္ဓေတားနည်း အသစ်ကို ဆရာဝန်နှင့် တိုင်ပင်သင့်သည်ဟု သူက ဆိုသည်။

Source: CNN

Advertisements
<

Leave a Reply