သံဖြူဇရပ်မြို့ပေါ်တွင် မေလ ၂၅ ရက်နေ့က သားအဖနှစ်ဦးကို အက်ဆစ်ဖြင့်ပက်ခဲ့သူကို နှစ်ပတ်ကြာ သည်အထိ ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း သံဖြူဇရပ်မြို့မရဲစခန်းထံမှ သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး ယင်းအမှုနှင့်ပတ်သက်၍ သံသယရှိသူကို ဖမ်းဆီးခဲ့သော်လည်း လက်ရှိအချိန်အထိ အက်ဆစ်ဖြင့် ပက်သူကို မဖော်ထုတ်နိုင်သေးကြောင်း အဆိုပါ ရဲစခန်းမှ သိရှိရသည်။
သံဖြူဇရပ်မြို့အောင်ဇေယျရပ်ကွက်တွင်နေထိုင်သော မလပြည့်ဝန်းနှင့် သူ၏ ဖခင်ဦးစန်းမောင်တို့သည် မေလ ၂၅ ရက်နေ့ ၊ ညနေငါးနာရီက အိမ်ပြန်လာရာတွင် မော်လမြိုင်-ရေးကားလမ်း သေမင်းတမန်ဘူတာရထား စက်ခေါင်းအရောက်တွင် အက်ဆစ်ဖြင့် အပက်ခံခဲ့ရခြင်းဖြစ်ကြောင်း သံဖြူဇရပ်မြို့မရဲစခန်းထံမှ သိရသည်။
ထိုသို့အပက်ခံရခြင်းကြောင့် အမျိုးသမီးတွင် မျက်နှာတစ်ဘက်နှင့် လက်တစ်ဘက်ကို အက်ဆစ်ထိခဲ့ပြီး ဖခင်ဖြစ်သူမှာမူ ကျောဘက်ခြမ်းတွင် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း အဆိုပါအပက်ခံရသူ၏ မိသားစုဝင်များထံမှ သိရသည်။
လက်ရှိတွင် အက်ဆစ်ဖြင့် အပက်ခံခဲ့ရသည့် မလပြည့်ဝန်းမှာ ရန်ကုန်မြို့တွင် ခွဲစိတ်ကုသမှုခံယူနေသည်မှာ ပြန်လည်ကောင်းမွန်နေပြီဖြစ်ပြီး လမ်းပြန်လျှောက်နိုင်ပြီဖြစ်ကာ ဖခင်ဖြစ်သူမှာမူ အိမ်၌ ဆေးကုသမှု ခံယူခဲ့ခြင်းဖြစ်ကြောင်း မလပြည့်ဝန်း၏ အစ်မဖြစ်သူ ဒေါ်ထက်က ပြောထားသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း သံဖြူဇရပ်မြို့မရဲစခန်းမှ သံသယရှိသူအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး အက်ဆစ်ဖြင့်ပက်သွားသူကို (ပ)၉၁/၂၀၁၆၊ပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။