Advertisements

သိန္နီ၊ အောက်တိုဘာ ၁၀ ရက်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန္နီမြို့ရှိ ရေပူစစ်ဆေးရေးစခန်းအနီးတွင် ယာဉ်ငယ်(၃)စီးဖြင့် တရားမဝင်တင် ဆောင်လာသော သစ်များကို သိမ်းဆည်းရမိခဲ့ပြီး ပိုင်ရှင်များမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။

ရေပူစစ်ဆေးရေးစခန်းမှ ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၉ ရက်က စခန်းအနီး လိုက်လံစစ်ဆေးနေစဉ် လား ရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၁၉၈/၁)၊ ရေပူကျေးရွာအနီး၌ ရပ်ထားသော မသင်္ကာ ဖွယ်ရာ MARK II ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် ပိတောက်ဓားရွှေ(၃၈)တုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“စခန်းအနီးလိုက်ပြီး စစ်ဆေးနေတာပါ။ (၁၂)နာရီလောက်မှာတော့ ပထမတစ်စီးမိတယ်။ ဆက်လိုက်တော့ (၂)နာရီကျော်လောက်မှာ နောက်ထပ်(၂)စီးဖမ်းမိတာပါ။ လူတွေကတော့ မရှိတော့ပါဘူး။”ဟု လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးမျိုးကျော်ဟန်က ပြောသည်။

ဆက်လက်ရှာဖွေရာ မိုင်းလီကျေးရွာ မိုင်တိုင်အမှတ်(၁၉၃/ဝ)အနီးရပ်ထားသော Mitsubishi Chariot ယာဉ် ပေါ်မှ ပိတောက်ဓားရွှေ(၄၆)တုံး၊ WISH ယာဉ်ပေါ်မှ ပိတောက်ဓါးရွှေ(၅၆)တုံး၊ ယာဉ်(၃)စီးမှ စုစုပေါင်း ပိတောက်ဓားရွှေ(၁၄၀)တုံး၊ အလေးချိန်(၂.၁၉၈၀)တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်ပါသစ်များအား လားရှိုးမြို့နယ်သစ်တောရုံးတွင်ထိန်းသိမ်းထားကာ သစ်တင်ယာဉ်များအား သိန္နီမြို့မ ရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူနိုင်ရန် ပို့ဆောင်ထားကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply