နေ့စားအလုပ်သမားများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ်သိန်း ၅၀ ဝန်းကျင်ရှိတန်ဖိုးနည်းအိမ်ရာများကိုဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကကတိပေးပြောကြားခဲ့သည်။

IMG_2836

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်ရှိ ကျိုက်သုတ်ဘုရားဓမ္မာရုံတွင် ဇူလိုင်လ ၁၇ ရက်နေ့ကပြုလုပ်သောမော်လမြိုင်မြို့နယ်အတွင်းရှိလွှတ်တော်ကိုယ်စားလှယ်များနှင့် လူထုတွေ့ဆုံပွဲတွင် သိန်း ၅၀ ဝန်းကျင်ရှိတန်ဖိုးနည်းအိမ်ရာများမွန်ပြည်နယ်တွင်တည်ဆောက်ပေးဖို့ ရှိမရှိဒေသခံလူထုမေးမြန်းခဲ့မှုကိုဦးမင်းမင်းဦးကအထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဆင်းရဲတဲ့ပြည်သူတွေရော၊ ဝန်ထမ်းတွေအတွက်ရောသိန်းငါးဆယ်တန်ဖိုးနည်းအိမ်ရာတွေ၊ တန်ဖိုးသင့်အိမ်ရာတွေ၊တန်ဖိုးမျှတရောအဆင့်ဆင့်ရှိပါတယ်၊အားလုံးကိ်ုကြိုးစားပြီးလုပ်ကိုင်ပေးဖို့ရှိပါတယ်’’ဟုဦးမင်းမင်းဦးကဆိုသည်။

ဆင်းရဲသားပြည်သူများအပြင် ဌာနဆိုင်ရာဝန်ထမ်းများသည်လည်း၎င်းတို့လစာမှာစားရေးနှင့် ဝတ်ရေးကိုသာအဆင်ပြေနိုင်ကာနေရေးအတွက် ဘယ်လိုမှ မဖြစ်နိုင်သေးခြင်းကြောင့် တန်ဖိုးနည်းအိမ်ရာများကို ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်လုံးတွင်အကောင်အထည်ဖော်ပေးမည်ဖြစ်ကြောင်း၎င်းက ပြောဆိုသည်။

“သက်ဆိုင်ရာအဖွဲ့စည်းတွေလည်းအစိုးရစီမံခန့်ခွဲလို့ရတဲ့မြေကိုဖော်ထုတ်ထားပေးပါ၊ကျွန်တော်ဒီဟာအကောင်ထည်ဖော်ချင်တယ်”ဟု၎င်းက ပြောသည်။
ယင်းစီမံကိန်းများကိုယခုဘဏ္ဍာရေးနှစ်များတွင် အကောင်အထည် မဖော်နိုင်ခဲ့သည်ရှိသော် ၎င်းတို့အစိုးရသက်တမ်းအတွင်းမဖြစ်မနေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ကတိပေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦး၊မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီးဦးမင်းထင်အောင်ဟန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးနိုင်သောင်းညွှန့်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအေးမင်းဟန်နှင့်ဒေါ်နွယ်နွယ်အောင်တို့တက်ရောက်ခဲ့ကြသည်။

Leave a Reply