ကျိုက်ထို၊ မတ် ။ ။ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာ၊ ရွာမရပ်ကွက်တွင် စစ်တောင်းမြစ် ကမ်းပြိုသူများနှင့် အိမ်ခြေမဲ့သူများအား ခွဲဝေချပေးထာသော ခြံမြေများတွင် လာရောက်နေထိုင်ခြင်းမရှိဘဲ ချမှတ်ထားသော စည်းကမ်းဖောက်ဖျက်ကာ ရောင်းချနေကြခြင်းကြောင့် မွန်ပြည်နယ်လွှတ်တော်သို့ တိုင်ကြားထားကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရသည်။

ယင်းခြံမြေများအား ၅ နှစ်အတွင်း ပြန်လည်ရောင်းချပါက အုပ်ချုပ်ရေးအဖွဲ့မှ ပြန်လည်သိမ်ဆည်းမည်ဟု စည်းကမ်းချက်များ ထားရှိခဲ့သော်လည် ယခု ၄ နှစ်ကျော်သည့်အထိ အိမ်ခြေ ၅၀ ခန့်သာရှိပြီး လက်ဆင့်ကမ်း ရောင်းချနေခြင်းကြောင့် တိုင်ကြားရခြင်းဖြစ်ကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူ ကိုမျိုးဟန်က ပြောသည်။

“ခြံတွေတော့တွေ့တယ်၊ ဘယ်သူပိုင်မှန်း မသိဘူး၊ လိုက်နေရတယ်၊ လမ်းတာခင်းထားတယ်၊ ဘယ်သူကို လိုက်ရမှန်း မသိဘူး၊ အိမ်ခြေက ခုလက်ရှိနေတာ ၅၀ လောက်ပဲ ရှိသေးတယ်”ဟု ရွာမရပ်ကွက်ရာအိမ်မှူး ဦးမြင့်စိုးက ပြောဆိုသည်။

ယခုအခါ ရွာလမ်းများ ဖောက်လုပ်ရန် ကိုယ်ထူကိုယ့်ထ စုပေါင်းငွေကောက်ခံ၍ မြေကြီးများဝယ်ယူကာ လမ်းပြင်သော်လည်း လူမရှိသည့် အိမ်များနေကြောင်းနှင့် လျှပ်စစ်မီး သွယ်တန်းရန်လည်း ၁၅ အိမ်သာ ရှိသေးသဖြင့် သင်္ကြန်မတိုင်မီ အရစ်ကျစနစ်ဖြင့် အကောင်ထည်ဖော်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း ယင်းရပ်ကွက် ဦးထွန်းထွန်းက ဆိုသည်။

“ခြံရှိပြီး လူမရှိတဲ့အတွက် တိုးတက်ရာ တိုးတက်ကြောင်း လမ်းဖောက်မယ်၊ မီးတိုင်လုပ်မယ် ရေစီးရေလာ ကောင်းအောင် မြောင်းလုပ်မယ်ဆိုလည်း မရဘူး၊ ဒီအကွက်နဲ့ ပတ်သတ်ပြီး အပ်ထားတာလည်း မရှိဘူး၊ ဒီအကွက်ကို ရောင်းတာ ရောင်းစားသွားတာ၊ ဘယ်သူမှာ တာဝန်ရှိတယ်ဆိုတာ မသိဘူး”ဟု သိမ်ဇရပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုသက်ဦးက ပြောသည်။

အဆိုပါခြံများကို လွန်ခဲ့သော ၄ နှစ်ခန့်က စစ်တောင်းမြစ် ကမ်းပြိုကျမှုကြောင့် နေစရာမရှိသည့် အိမ်များနှင့် ရွာမရပ်ကွက်နေ အိမ်ထောင်ခွဲသူများအား တစ်ကွက်လျှင် နှစ်သိန်းခွဲနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

Written by – ရွှေစင်

Leave a Reply