သိမ်ဆည်းခံရသော မြေများကို ဗဟို လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီ၏ ညွှန်ကြားချက်အရ မူဝါဒ ရှစ် ချက်ဖြင့် ပြန်လည် စီစစ် ပေးအပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

ယခု ညွှန်ကြားချက်တွင် သိမ်းဆည်းခံထားရသော မြေများသည် ဂရန် အမည်ပေါက် ဖြစ်လျှင်လည်း အဆိုပါ ဂရန်အား ပယ်ဖျက်ပြီး ပြန်လည်ပေးအပ်ရန် အချက်များ ပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့အနေနဲ့ စွန့်လွှတ်မနိုင်ဘူးလို့ တင်ပြလာတဲ့ တင်ပြချက်နဲ့ အမှန်တကယ် နစ်နာသူတွေ တင်ပြလာတဲ့ တင်ပြချက်နဲ့ ကွဲလွဲနေရင် ပြည်နယ် မြေစစ်က ပြန်စစ်သွားမယ်”ဟု ၎င်းက ဆိုသည်။

တပ်သိမ်းမြေများကို ပြန်လည် စီစစ်ရာတွင် အချက် သုံး ချက်ဖြင့် ဆောင်ရွက်သွားဖြစ်ပြီး၊ စွန့်လွှတ်ခြင်း ရှိ မရှိကို ကာကွယ်ရေး ဝန်ကြီဌာနနှင့် ညှိနှိုင်း တိုင်ပင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြေသိမ်းဆည်းမှုကိုသာ ဦးစားပေး စိစစ်ဖြေရှင်းရန်နှင့် ပြန်လည် စွန့်လွှတ်နိုင်ခြင်း မရှိပါက ယင်းမြေနှင့် အဆောက်အဦများအား လက်ရှိတွင် အသုံးပြုနေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ မူလပိုင်ရှင်များသို့ လျော်ကြေးပေးရမည်ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ဌာနဆိုင်ရာများက သိမ်းဆည်းထားပြီး ပုဂ္ဂလိက လုပ်ငန်းရှင်သို့ နှစ်ရှည်ဌားရမ်းခြင်း၊ သီးစားခြထားခြင်း၊ လုပ်ပိုင်ခွင့် ချထားခြင်းများတွင် စီမံကိန်း မအောင်မြင်သည့်မြေ သို့မဟုတ် စီမံကိန်း လုပ်ဆောင်ခြင်း မရှိသည့်အတွက် မြေများကို မြေလျော်ကြေး ပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည်။

မူလသိမ်းဆည်းစဉ်က ပါဝင်သော်လည်း ပြန်လည် စွန့်လွှတ်ခြင်းတွင် မပါဝင်သည့် မြေကို သက်ဆိုင်ရာတောင်သူများက ပြန်လည် ရယူလိုမှု ကိစ္စနှင့် ပတ်သက်ပြီး စွန့်လွှတ်ခြင်း မပြုသည့် သိမ်းဆည်းမြေများ ဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေအတိုင်း ဖြေရှင်းရမည်ဖြစ်သည်။

ယခင်က ချမှတ်ပေးခဲ့သည့် မူဝါဒ ၁၀ ချက်သည် မြေပြင် အခြေအနေများနှင့် လုပ်ကိုင်ရာတွင် အခက်အခဲများစွာ ရှိနေပြီး ယခု ညွှန်ကြားချက်သည် သိမ်းဆည်းခံမြေများကို ဖြေရှင်းရာတွင် လွယ်ကူလာနိုင်ကြောင်း ဦးထွန်းဌေးက ပြောသည်။

Written by – ဇော်ထိုက်

Leave a Reply