သိမ်းဆည်းခံမြေယာ ပြန်ရစေရေး ကျေးရွာအုပ်ချုပ်ရေးမှူးများ ဝိုင်းကူပေးရန် ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

ဘားအံ နိုဝင်ဘာ

ကရင်ပြည်နယ်တွင် သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ မူလပိုင်ရှင် ဒေသခံ တောင်သူများ လက်ဝယ်ပြန်လည် ရရှိစေရေး ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီပေးရန် ကရင်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ၊ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဌ၊ ကရင်ပြည်နယ်ဝန်ကြီးချူပ် ဒေါ်နန်းခင်ထွေးမြင့်က တိုက်တွန်းခဲ့သည်။

ဘားအံမြို့နယ် ကော့စိန်ဘန်ကျေးရွာအုပ်စုရှိ အမှတ်၃၁၀ခြေမြန်တပ်ရင်း စွန့်လွှတ်မြေ ၁၁.၁၀ဧကကို မူလတောင်သူများလက်ဝယ်သို့ ယာယီလုပ်ပိုင်ခွင့် ပုံစံ၃များ ပြန်လည်ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ၂၉ ရက်က ဘားအံမြို့ဇွဲကပင်ခန်းမတွင် ကျင်းပစဉ် ဝန်ကြီးချုပ်က ယင်းသို့ပြောသည်။

သိမ်းဆည်းခံလယ်ယာမြေနှင့် ပတ်သက်၍ တောင်သူလက်ထဲသို့ ပြန်လည်ရောက်ရှိရန် အစိုးရသစ်အနေဖြင့် အစိုးရတာဝန် လွှဲပြောင်းမယူခင်အချိန်မှစ ရည်ရွယ်ထားပြီးသား ဖြစ်သော်လည်း မျှော်လင့်ထားသည်ထက် ပိုမိုများပြား၍ လက်တွေ့ဆောင်ရွက်ရာတွင် အခက်အခဲများရှိသဖြင့် တောင်သူထံ ပြန်လည်ပေးအပ်မှု၌ နည်းပါးခဲ့ကြောင်း ၎င်းက ပြောသည်။

ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးဇေထက်အောင်က တပ်မှ ပြန်လည်စွန့်လွှတ်မြေ မူလပိုင်ရှင် ကနဦးတောင်သူ ၁၇ဦးရှိကြောင်း၊ ယင်းအနက် ၁၂ဦး၏ မြေနေရာတွင် လက်ရှိအချိန်၌ စိုက်ပျိုးပင်များ ရှိနေကြောင်း၊ ယခု ချက်ခြင်း ပြန်လည်ပေးအပ်ရန် မဖြစ်နိုင်သေးကြောင်း၊ တောင်သူ ၅ဦး၏ မြေနေရာမှာ စိုက်ပျိုးထားခြင်းမရှိသဖြင့် ပြဿနာ ရှင်းသော မြေနေရာကို အရင်ဆုံး ပြန်လည်ပေးအပ်ခြင်း ဖြစ်ကြောင်း ဟင်္သာမီဒီယာကို ပြောသည်။

“အားလုံးပြည့်စုံမှ ပြန်ပေးမယ်ဆိုရင် လက်ရှိ ၅ဦးက မလုပ်ရ မကိုင်ရဖြစ်နေမယ်”ဟု ၎င်းက ဆိုသည်။

အခမ်းအနားတွင် တောင်သူ ဦးစောမြင့်နိုင်(၅.၉၈)ဧက၊ ဦးအလဲ့(၂.၀၀)ဧက၊ ဦးကိကိ(၁.၂၇)ဧက၊ ဦးအေးမောင်(၁.၆၀)ဧက၊ ဦးခိခိ (ဝ.၂၅)ဧက စုစုပေါင်းတောင်သူ (၅)ဦးထံ တပ် စွန့်လွှတ်မြေ၁၁.၁၀ ဧကအတွက် ယာယီလုပ်ပိုင်ခွင့်ပုံစံ ၃များ ပေးအပ်ခဲ့သည်။

ယင်းအတွက် ပြည်နယ်ဝန်ကြီးချုပ်အား ကျေးဇူးတင်ရှိကြောင်း တောင်သူ စောမြင့်နိုင်က ပြောသည်။

“ကျွန်တော့်အနေ့နဲ့ ပြန်လုပ်ပိုင်ခွင့်ရတဲ့ လယ်မြေကို စဉ်ဆက်မပျက် လုပ်ကိုင်သွားပါမယ်”ဟုလည်း၎င်းက ဆိုသည်။

သိမ်းဆည်းခံ မြေယာ ပြဿနာများမှာ ပြည်နယ်တွင်းရှိ မြို့နယ်အသီးသီး၌ များစွာ ကျန်နေသေးကြောင်း သိရသည်။

ဆက်လက်၍ အခမ်းအနားတွင် ရပ်ကွက်နှင့်ကျေးရွာများဖွံ့ဖြိုးရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီး၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊သတ္တုနှင့်လမ်းပန်းဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တွေ့ဆုံကာ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

စောအယ်လ်ဒီး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.