မော်လမြိုင်၊ နိုဝင်ဘာ ။ ။ တပ်မတော် အစိုးရလက်ထက် တပ်မတော်နှင့် ဌာနဆိုင်ရာများကသိမ်းဆည်းခဲ့သည့်မြေများကိုပိုင်ရှင်များထံသို့ ပြန်လည်စွန့်လွှတ်ရေးအတွက် ကာယကံရှင်များထက် ပွဲစားများကပိုမိုတိုင်ကြားနေကြောင်းမော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးကဟင်္သာမီဒီယာသို့ ပြောကြားသည်။

Military field

သိမ်းဆည်းမြေစွန့်လွှတ်ရေးနှင့်ပတ်သက်၍ တိုင်စာများယခင်ကထက် ပိုများလာခြင်းကိုဆန်းစစ်ကြည့်ရာပွဲစားများ၏ လက်ချက်များကြောင့်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

“ပွဲစားတွေကဒီမြေကိုပြန်ရအောင်လုပ်ပေးမယ်၊ သူတို့ကျွမ်းတယ်ဆိုပြီး ပိုင်ရှင်အစစ်အမှန်ကိုအမျိုးမျိုးပြောတော့ သူတို့လည်းပွဲစားစကားနားယောင်ပြီးတော့ မရနိုင်တော့တဲ့မြေတွေကိုလည်းအကြိမ်ကြိမ် ပြန်တောင်းနေကြတယ်”ဟု၎င်းက ဆိုသည်။

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီကစွန့်လွှတ်ရန် မဖြစ်နိုင်သည့်မြေများအတွက် ပိုင်ရှင်များကို ညှိနှိုင်းပြောဆိုမှုများတွင် အဆင်ပြေသော်လည်းပွဲစားများကပိုင်ရှင်ကိုပြန်တောင်းခိုင်းသဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲဖြစ်ရကြောင်း၎င်းက ပြောသည်။

“ကာယကံရှင်တွေကလိုလိုလားလားတိုင်တာထက် ပွဲစားတွေကအဖိုးအခလိုချင်လို့ တိုင်နေတာကပိုများနေတယ်၊သူတို့ကြောင့် ပိုင်ရှင်တွေကရရင်အမြတ်မရရင် အရင်းဆိုပြီးတိုင်နေကြတာ”ဟုရှေးယခင်ကသိမ်းဆည်းခံရသောမြေယာများကို ပြန်လည်ရရှိရေးအတွက် တိုင်ကြားမှုဖြစ်စဉ်များအား ၎င်းက ရှင်းပြသည်။

ပွဲစားများကတိုင်ကြားပေးပြီးလျှင် သိမ်းဆည်းမြေနေရာကိုသက်ဆိုင်ရာမှ ကွင်းဆင်းစစ်ဆေးပါက ပွဲစားများအားမည်သို့မည်ပုံပေးရမည်ဟူ၍ သတ်မှတ်မှုများလည်းရှိနေသည်ကိုတွေ့ရကြောင်း၎င်းက ပြောပြသည်။

“ပွဲစားတွေကဒီမြေကိုရအောင် လုပ်ပေးမယ်၊ ပြီးရင်တော့ သူတို့တောင်းသလောက်ပေးရမယ်ဆိုပြီးလာပြောတာတွေရှိတယ်၊ အန်တီတို့ကတော့ သူတို့ကိုလက်မခံဘဲနဲ့ ကိုယ်တိုင်ပဲသွားတိုင်တယ်”ဟုလယ်ယာမြေများအသိမ်းခံထားရသည့် မော်လမြိုင်မြို့နယ် မျှော်လင့်ရပ်ကွက်မှဒေါ်ချိုကဆိုသည်။

ယခုလက်ရှိတွင် မော်လမြိုင်မြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ လာရောက်တိုင်ကြားထားသည့် တိုင်ကြားစာပေါင်း၁၀ဝ ကျော်ခန့်ရှိကြောင်းဦးမြင့်ဦးကပြောသည်။

တပ်မတော်နှင့် အစိုးရဌာနဆိုင်ရာများကသိမ်းဆည်းခဲ့သည့်မြေများအနက်မှ ၃၆၈ဧကကို ရပ်ကွက်၊ကျေးရွာ ၇ခုသို့ ပြန်လည်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းမော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှသိရသည်။

Written by – ဖိုးဝ

Leave a Reply