မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မော်လမြိုင်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် တပ်မတော်နှင့် ဌာနဆိုင်ရာများက သိမ်းဆည်းထားသည့် မြေအချို့အား ပြန်လည်စွန့်လွှတ်ခဲ့သော်လည်း ပိုင်ရှင်မပေါ်သေးသည့် မြေဧရိယာ ၃၀ဝ ဧကကျော် ကျန်ရှိနေကြောင်း မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။
malitaty-field

တပ်မတော်နှင့် အစိုးရဌာနဆိုင်ရာများက သိမ်းဆည်းခဲ့သည့် မြေများအနက်မှ ၃၆၈ ဧကကို ရပ်ကွက်၊ ကျေးရွာ ခုနှစ်ခုသို့ ပြန်လည်ပေးအပ်ခဲ့ပြီး ၃၁၇ ဧကမှာ ပိုင်ရှင်မရှိဖြစ်သည်။

“စွန့်လွှတ်မြေတွေထဲက တစ်ချို့မြေတွေက ပိုင်ရှင်မတွေ့ဘူး၊ သူတို့ကလည်း မြေကွက်ပြန်ရဖို့ ပြန်လာလျှောက်ထားတာမျိုး မလုပ်ဘူး၊ မြေကွက်လိုချင်ရင်တော့ ပိုင်ရှင်ကိုယ်တိုင်က လာလျှောက်ဖို့ လိုတာပေါ့”ဟု ဦးမြင့်ဦးက ဆက်လက်ပြောပြသည်။

ပိုင်ရှင်မရှိသောမြေ ၃၁၇ ဧကကို ပိုင်ရှင်များကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ပြီး ယင်းမြေများကို ထုတ်ယူနိုင်ခြင်း မရှိသေးသည့် အချိန်ကာလအတွင်း သက်ဆိုင်ရာ ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီက ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တပ်မတော်နှင့် ဌာနဆိုင်ရာများက သိမ်းဆည်းမြေများ ပြန်လည်စွန့်လွှတ်ခဲ့သည့် ရပ်ကွက်နှင့် ကျေးရွာများမှာ မန္တလေးရပ်ကွက်၊ ဈေးချိုရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကော့လှကျေးရွာ၊ ကော့နှက်ကျေးရွာ၊ ဖက်တော ကျေးရွာများဖြစ်ပြီး ယင်းစွန့်လွှတ်မြေ အများစုသည် တပ်မတော်သိမ်းယူထားခဲ့သည့်မြေ အများဆုံးဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနစာရင်းများအရ သိရသည်။

“နိုင်ငံတော်က သတ်မှတ်ထားတဲ့ နယ်မြေနဲ့ ဌာနဆိုင်ရာတွေက အသုံးပြုမှု မရှိဘူးဆိုရင် ပြန်ပေးတယ်၊ မော်လမြိုင်မြို့မှာတော့ အစိုးရဟောင်း လက်ထပ်ကနေစပြီး တော်တော်များများ ပေးခဲ့ပြီးပြီ”ဟု ဦးမြင့်ဦးက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် မော်လမြိုင်မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဌအဖြစ် ဆောင်ရွက်၍ သိမ်းဆည်း မြေများကို စိစစ်ကာ ပြန်လည်ပေးအပ်နေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

Written by – ဖိုးဝ

Leave a Reply