Advertisements

မော်လမြိုင်၊ မတ်

မွန်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်ထက် ဆန်သိုလှောင်သူ ပိုမိုများပြားလာသည့်အတွက် ယခုနှစ်တွင် ဆန်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ပြည်နယ် ဆန်ကုန်သည်များအသင်းမှ ဦးတင်မြင့်ဦးက ပြောသည်၊၊

ပြီးခဲ့သည့် ဖေဖော်ဝါရီလဒုတိယအပတ်တွင် တောင်ပျံဆန်မွှေးတစ်အိတ်လျှင်၂၇၀၀၀ကျပ်ရှိခဲ့ရာမှ မတ်လ ပထမအပတ်တွင် ၃၂၀၀၀ကျပ်အထိမြင့်တက်သွားကြောင်း ၎င်းကဆိုသည်၊၊
“ဒီနှစ်ရဲ့ ထူးခြားချက်ကတစ် နိုင်ငံလုံး အတိုင်းတာနဲ့တက်တော့ ဒီဘက်မှာလည်း လိုက်တက်တဲ့သဘောရှိတယ်။ မနှစ်ကနဲ့စာရင် ဒီနှစ်ဈေးတက်တာ ပြင်းတာပေါ့”ဟု ဦးတင်မြင့်ဦးက ပြောသည်၊၊

ယခင်နှစ်က ဆန်အဟောင်းများ ကုန်သွားသည့်အတွက်ကြောင့် လက်ရှိအသစ်ထွက်သည့် ဆန်ကို လှောင်ကြ၊ ရောင်းကြခြင်းကြောင့် ဈေးကွက်အတွင်း ဆန်ရောင်းချမှုပမာဏ လျော့နည်းသွားသည့်အတွက် ယင်းသို့ ဈေးတက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်၊၊

ဆန်ဈေးတက်သည့်အတွက်ဝယ်ယူစားသုံးသူများအေနဖြင့် ခေတ္တငြိမ်သက်သည့်အနေအထားရှိသော်လည်းအရောင်းဝယ်အေးသွားသည့် အနေအထားထိ မရှိကြောင်းသိရသည်၊၊

ယခုအချိန်မှာ ဆန်ဈေးတက်လေ့ရှိသည့် ကာလဖြစ်ပြီး ဆန်ဖူလုံသည့် ဒေသဖြစ်သော မွန်ပြည်နယ်ရှိ ဆန်ချော၊ ဆန်ကြမ်းများကို ပြည်တွင်းပြည်ပ ဝယ်လက်တို့က အားပြုဝယ်ယူရသည့် အနေအထားရှိကြောင်း ဆန်ကုန်သည် အသိုင်းအဝိုင်းက ဆိုသည်။

ယခုလက်ရှိ ဆန်ဈေးနှုန်းများမှာ ရွှေဘိုဆန်တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်၊ ပုသိမ်ပေါ်ဆန်းမွှေးတစ်အိတ်လျှင်၅၂၀၀၀ ကျပ်၊ ဧည့်မထတစ်အိတ်လျှင် ၂၁၅၀၀ ကျပ်၊ ကောက်ကြီးတစ်အိတ်လျှင် ၂၆၅၀၀ ကျပ်အထိ ပေါက်ဈေးရှိကြောင်းသိရသည်၊၊

Written by ဂေထော

Advertisements
<

Leave a Reply