Advertisements

ရန်ကုန်၊ အောက်တိုဘာ ၃ ရက်။

သီတင်းကျွတ်ရုံးပိတ်ရက်များတွင် နေရပ်သို့ပြန်မည့် မီးရထားစီးခရီးသည် များပြားနေသဖြင့် မြန်မာ့မီးရထားက အထူးရထားများ စီစဉ်ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်း တိုင်းအမှတ်(၇)၊ သွားလာရေးဌာနမှ မန်နေဂျာ ဦးဇော်လွင်ထံမှ သိရှိရသည်။

“မြန်မာ့မီးရထားအနေနဲ့ ကျွန်တော်တို့ရဲ့ပြည်သူတွေ ရက်ကြီးအခါကြီးမှာ ကိုယ့်ရဲ့မိဘထံ ပြန်ကြမယ့် ပြည်သူ တွေ၊ သူတို့ရဲ့ သွားရေးလာရေးအဆင်ပြေအောင်ဆိုပြီး မြန်မာ့မီးရထားက တစ်ဖက်တစ်လမ်းက ကူညီပေးတာပါ။”ဟု ဦးဇော်လွင်ကပြောသည်။

သီတင်းကျွတ်ကာလတွင် ခရီးသွားလာသူများနေသဖြင့် မြန်မာ့မီးရထားလုပ်ငန်းက အထူးရထား(၄)စင်း စီစဉ် ပေးထားကာ အောက်တိုဘာ ၃ ရက်တွင် နေပြည်တော်-ရန်ကုန် အထူးရထားပြေးဆွဲမည်ဖြစ်ပြီး နေပြည်တော်မှ ည(၉)နာရီခွဲထွက်၍ နံနက်(၄)နာရီတွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာ ၄ ရက်တွင် ရန်ကုန်-မန္တလေး အထူးရထားကို ရန်ကုန်မှ ညနေ(၄)နာရီထွက်ပြီး နံနက် (၆)နာရီတွင် မန္တလေးသို့ရောက်မည်ဖြစ်ကာ အောက်တိုဘာ ၇ ရက်တွင် မန္တလေး-ရန်ကုန် အထူးရထား ပြေးဆွဲ မည်ဖြစ်ပြီး မန္တလေးမှ ညနေ(၄)နာရီ(၁၅)မိနစ်တွင် ထွက်၍ နံနက် (၆)နာရီ(၁၅)မိနစ်တွင် ရန်ကုန်သို့ ရောက်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အထူးရထားအစီစဉ်ကို အောက်တိုဘာ ၈ ရက်တွင် ဆက်လက်ပြေးဆွဲမည်ဖြစ် ပြီး ရန်ကုန်မှ ည(၈)နာရီခွဲတွင် ထွက်မည်ဖြစ်ကာ အောက်တိုဘာ ၉ ရက်၊ နေ့လယ်(၁၁)နာရီတွင် မန္တလေးသို့ ရောက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။

အောက်တိုဘာ ၃ ရက်တွင် ထွက်မည့် အထူးရထား နေပြည်တော်-ရန်ကုန်ခရီးစဉ်ရှိ ရပ်နားမည့်ဘူတာများမှာ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ တိုးကြောင်လေးဘူတာများဖြစ်ပြီး အောက်တိုဘာ ၄ ရက်တွင် ရန်ကုန်-မန္တလေး ခရီးစဉ်အတွင်း ရပ်နားသွားမည့်ဘူတာများမှာ တိုးကြောင်လေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ သာ စည်ဘူတာများတွင် ရပ်နားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာ ၇ ရက်၊ မန္တလေး-ရန်ကုန်ခရီးစဉ်တွင် ရပ်နားသွားမည့်ဘူတာများမှာ သာစည်၊ နေ ပြည်တော်၊ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ တိုးကြောင်လေးဘူတာတို့ဖြစ်ပြီး အောက်တိုဘာ ၈ ရက်၊ ရန်ကုန်-နေ ပြည်တော်-မန္တလေးခရီးစဉ်တွင် ရပ်နားသွားမည့်ဘူတာများမှာ တိုးကြောင်လေး၊ ပဲခူ၊ တောင်ငူ၊ ပျဉ်းမနား၊ နေ ပြည်တော်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ သဲတော၊ မြစ်သား၊ ကျောက်ဆည်ဘူတာများဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။

“အထူးမီးရထားပြေးဆွဲရတာက နေပြည်တော်ဆို ရုံးတွေအများကြီးပဲ။ ရက်ကြီးအခါကြီးပိတ်လိုက်ပြီဆို အထူးမီး ရထားက ပြေးကို ပြေးပေးရတယ်။ ကားကလည်း အဲဒီလောက်မများဘူး။သယ်မပေးနိုင်ဘူး။ ပုံမှန်လည်း ရုံးပိတ် ရက်များတယ်ဆိုရင် မြန်မာ့မီးရထားက အထူးမီးရထားပြေးပေးတယ်။ အရင်တုန်းကတော့ နေပြည်တော်-ရန် ကုန်၊ ရန်ကုန်-နေပြည်တော်ပြေးပေးတယ်။ အခုတော့ ခရီးဆန့်ပေးလိုက်တာပေါ့ဗျာ။”ဟု ဦးဇော်လွင်က ပြောသည်။

အထူးရထားတွင် တစ်တွဲလျှင် လူဦးရေ(၆၀)စီးနင်းနိုင်မည့် ရိုးရိုးတန်းအတွဲ(၇)တွဲ လူဦးရေ(၁၃၀)စီးနင်းနိုင်မည့် အထက်တန်းတွဲ(၄)တွဲအပြင် တစ်တွဲလျှင်လူဦးရေ(၂၀)စီးနင်းနိုင်မည့် အထက်တန်းအိပ်စင်(၂)တွဲပါဝင်မည်ဖြစ် ပြီး ရထားတစ်စင်းလုံးတွင် လူဦးရေ(၅၉၀)စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး ရိုးရိုးတန်းလက်မှတ်တစ်စောင်လျှင်(၄၆၅၀)ကျပ်ဖြစ်ပြီး အထက်တန်းလက်မှတ်တစ်စောင် လျှင် (၉၃၀၀)ကျပ်ဖြစ်ကာ သာမန်ရက်များတွင် ရန်ကုန်-မန္တလေးရထားစီးသူခရီးသည်(၁၀၀၀)ကျော်ရှိကာ အခါကြီး ရက်ကြီးနေ့များတွင် လူဦးရေ(၂၀၀၀)ကျော်၊ (၃၀၀၀)ရှိကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော် ရထားစီးသူခရီးသွားများသည် သာမန်ရက်များတွင် (၇၀၀)ကျော်၊ (၈၀၀)ဝန်းကျင်ရှိပြီး အခါကြီးရက်ကြီးများတွင် လူဦးရေ(၁၀၀၀)ကျော်ရှိကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။

“ကျွန်တော်တို့က ရန်ကုန်မှာ အလုပ်လာလုပ်တယ်။အခုဒီလိုသီတင်းကျွတ်ပိတ်ရက်မှာ အိမ်ပြန်ဖို့အတွက် ကားတွေကလည်း လက်မှတ်တွေကုန်၊ ခုံတွေအပြည့်ပဲ၊ ဝယ်လို့မရတော့ဘူး။ အခုမီးရထားက အထူးမီးရထား ပြေးဆွဲပေးတယ်ဆိုတော့ ကျွန်တော်တို့အတွက် ပြန်ဖို့အဆင်ပြေသွားတယ်။ လက်မှတ်ရဖို့အတွက်တော့ နည်းနည်းတော့ စောင့်ရတာပေါ့။”ဟု ခရီးသွားပြည်သူ ကိုကျော်အောင်က ပြောသည်။

ရထားလက်မှတ် မှောင်ခိုဈေးကွက်များ မဖြစ်ပေါ်စေရန် မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ရှိသူများက အသံချဲ့စက်များ၊ ရဲဝန်ထမ်းများဖြင့် သေချာစွာစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply