Advertisements

မြဝတီ၊ အောက်တိုဘာ ၅ ရက်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့သို့ သီတင်းကျွတ် ကာလ ကျောင်းများနှင့် အလုပ်ပိတ်ရက်များအတွင်း ဘုရားဖူး လာသူများနှင့် အလည်အပတ်လာရောက်သူ များပြားနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အခုသီတင်းကျွတ် ကျောင်းပိတ်ရက်ရော၊ ဒီနှစ်ကရုံးတွေကရော (၅)ရက်ပိတ်တော့ မြဝတီနယ်စပ်ကိုဘုရားဖူး နဲ့ အလည်လာတဲ့ သူတွေများတယ်။ ကျွန်တော့်တည်းခိုခန်းဆိုရင် ဘိုကင်တွေပြည့်နေပြီ၊ တစ်ချို့ဆို အခန်းမရကြတော့ဘူး။ မြဝတီမြို့အတွင်း လည်ကြသလို၊ တစ်ဖက်ထိုင်းနိုင်ငံထဲကိုလည်း ကားစင်းလုံးငှားပြီး တစ်နေကုန် သွားလည်လို့ရတဲ့တွက် မြန်မာပြည်အနှံ့ကလာကြသူတွေ များပြားကြတာ ဖြစ်တယ်။”ဟု မြဝတီဟိုတယ်မှ မန်နေဂျာကပြောသည်။

မြဝတီမြို့သို့ လာရောက်လည်ပတ်သူ ပြည်တွင်းပြည်ပ ခရီးသွားများအနေဖြင့် ရွှေမြင်းဝန်ဘုရား၊ ကျောက်လုံးကြီးဘုရား၊ မိကျောင်းကုန်းဘုရား၊ ဓိဌာန်အောင်ဘုရားနှင့် ရွှေတိဂုံ ပုံတူ စေတီတော်တို့ကို လာရောက်ဖူးမျှော်ကြကြောင်း သိရသည်။

မြဝတီမြို့နယ်စပ်ဂိတ်ဝ ချစ်ကြည်ရေးတံတားကြီးတွင် တစ်ဖက်ထိုင်းနိုင်ငံသို့ သွားမည်ဆိုပါက လူတစ်ဦးလျှင် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်အတွက်(၅ဝဝ)ကျပ်နှင့် ထိုင်းနိုင်ငံဝင်ခွင့်အတွက် ထိုင်းဘတ်ငွေ(၂ဝ)သာ ပေးဆောင်ရပြီး မိသားစုလိုက် ကားငှားပြီးသွားလိုပါက မိသားစုအားလုံး၏အမည်နှင့် အသက်ကို စာရင်းပေးရကာ ချစ်ကြည်ရေးတံတားကြီးဂိတ်တွင် မိသားစုလိုက် တစ်ဖက်နိုင်ငံသို့ ဝင်ခွင့်လက်မှတ်ကို လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန(လဝက)မှ တာဝန်ရှိသူများက ပြုလုပ်ပေးကြောင်း သိရသည်။

“တစ်ဖက် ထိုင်းနိုင်ငံထဲသွားလည်မယ်ဆိုရင် မနက်(၆)နာရီကနေ ည(၇)နာရီအထိ တာ့ခ်ခရိုင်(၃)မြို့နယ်အ တွင်းရှိတဲ့ ဖဝေါဘုရား၊ ရွှေကျောင်း၊ သံလိုက်တောင်၊ နဂါးရုံဂူ၊ ပြီးတော့မြွေဘုရား၊ ရေတံခွန်၊ ရေပူစမ်း၊ ရဟန္တာ ရုပ်ပွားတော်၊ ပန်းခြံ အစရှိတဲ့နေရာတွေကို မြဝတီရွှေမြန်မာအသင်းက ကားတွေနဲ့ပို့ဆောင်ပေးနေပါတယ်။ ကားကနှစ်မျိုးရှိပြီး (၁ဝ)ဦးဆံ့တဲ့စူပါကာစတန်ကားနဲ့ (၁၅)ဦးဆံ့တဲ့ အံဇာတုံးကားတွေဖြစ်တယ်။ စူပါကာစတန် က ငှားခတစ်ရက်ကျပ်(၁ဝဝဝဝဝ)ဖြစ်ပြီး (၁၅)ဦးဆံ့တဲ့ အံဇာတုံးကားက ငှားခကျပ်(၁၅ဝဝဝဝ)ဖြစ်ပါတယ်။ စုပြီးသွားကြမယ်ဆိုရင် တစ်ဦးကို ကျပ်တစ်သောင်းနှုန်းနဲ့ တစ်ဖက်နိုင်ငံထဲသွားလည်ရတာ အဆင်ပြေတာပေါ့။” ဟု မြဝတီမြို့၊ ရွှေမြန်မာကားအသင်းမှအတွင်းရေးမှူး ကိုကျော်တင့်က ပြောသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်း မြို့နယ်(၇)ခုရှိရာတွင် မဲဆောက်၊ မယ်ပနှင့် ဖုတ်ပရာ့မြို့နယ်(၃)ခုကိုသာ သွား လာလည်ပတ်ခွင့် (၆)ညအိပ်(၇)ရက်ခွင့်ပြုထားကြောင်း သိရသည်။

 

Advertisements
<

Leave a Reply