ကိုလံဘို ဇွန် ၂၄

သီရိလင်္ကာနိုင်ငံတွင် တစ်နိုင်ငံလုံး အရေးပေါ်ကာလကို ဇွန်လ ၂၂ ရက်မှစ၍ နောက်ထပ်တစ်လ ထပ်မံ တိုးမြှင့်ကြောင်း သမ္မတ Maithripala Sirisenaက ကြေညာသည်။

အများပြည်သူနှင့်လူ့အဖွဲ့အစည်းလုံခြုံရေး အာမခံမှုရှိစေနိုင်ရန်အတွက် ယင်းသို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သမ္မတက ထုတ်ပြန်သည်။

အရေးပေါ်ကာလ သတ်မှတ်ခဲ့သည်မှာ နှစ်လနီးပါးရှိခဲ့သော်လည်း အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဒဏ်ကို စိတ်မချရသေးသည့်အပြင် အခြားဗုံးခွဲဖျက်ဆီးမှုများလည်း မကြာခဏဖြစ်ပေါ်နေသေးသဖြင့် ယခုကဲ့သို့ အရေးပေါ်ကာလကို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဧပြီ ၂၁ ရက်က သီရိလင်္ကာနိုင်ငံတစ်ဝန်းရှိ ဘုရားကျောင်းများနှင့်အဆင့်မြင့် ဟိုတယ်ကြီးများတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားရာ လူပေါင်း၂၅၀ ကျော် သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ဧပြီ ၂၃ ရက်တွင် တစ်နိုင်ငံလုံး အရေးပေါ်ကာလအဖြစ် သတ်မှတ်ခဲ့ပြီး မေ ၂၂ ရက်တွင် သမ္မတMaithripala Sirisenaက အရေးပေါ်ကာလကို တစ်လထပ်တိုးကြောင်း ကြေညာခဲ့သည်။

သီရိလင်္ကာရဲဘက်ဆိုင်ရာက ပေါက်ကွဲမှုတွင် အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့သူ ၉ ဦးမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို အတည်ပြုပြီး ဖြစ်ကြောင်းနှင့် အချင်းဖြစ်ပွားမှုနှင့်သက်ဆိုင်သည့် သံသယရှိသူ အများစုကို အမှုစီရင်ရန် ဖမ်းဆီးထားပြီဖြစ်ကြောင်း လွန်ခဲ့သော ရက်များက ဆိုသည်။

သို့သော် တရားခံအတိအကျကိုမူ ယနေ့တိုင် ဖမ်းဆီးရမိခြင်းမရှိသေးသလို မည်သူဖြစ်ကြောင်းကိုလည်း အစိုးရက တရားဝင်ထုတ်ဖော်ကြေညာခြင်းမရှိေသးချေ။

ယင်းနိုင်ငံအစိုးရအနေနှင့် ပြည်သူများ၏ လုံခြုံရေးကို လုပ်ဆောင်နေသည်မှန်သော်လည်း ယနေ့တိုင် အကြမ်းဖက်မှုတရားခံကို ဖမ်းဆီးမပေးနိုင်သေးခြင်းက တာဝန်ပျက်ကွက်ရာ ရောက်သည်ဟု နိုင်ငံရေးသုံးသပ်သူအချို့က ဝေဖန်ကြသည်။ အရေးပေါ်ကာလတိုးမြှင့်လိုက်ခြင်းသည် အကောင်းဆုံးနည်းဖြစ်နေသော်လည်း မကြာခဏတိုးမြှင့်နေရန်မသင့် တော်ကြောင်းလည်း ၎င်းတို့က ထောက်ပြသည်။

Ref: CNN

Leave a Reply