သီးသန့်ကမ္ဘာမှ လျစ်လျူရှုခံဘဝများ

ချမ်းအေးစုရပ် ဟူ၍ အမည်ပေးထားသော ထိုရပ်ကွက်လေးမှာ မော်လမြိုင်မြို့၏ တောင်ဘက်တွင် ခပ်ကုပ်ကုပ်အနေအထားဖြင့် သီးသန့် ဆန်စွာ တည်ရှိနေသည်။

ထိုသို့နာမည်လေးမှာ ရပ်ကွက်သူ ရပ်ကွက်သားများ ကိုယ်တိုင် ပေးထားသော အမည်ဖြစ်၏။သိုသော်လည်း ရပ်ကွက်လေးမှာ မော်လမြိုင်မြို့ရှိ ရပ်ကွက် စာရင်းတွင် ပါဝင်ခြင်း မရှိပေ။

တောင်ဝိုင်းခရစ်ယာန်အရေပြားအထူးကုဆေးရုံကို လူသိများသော်လည်း အိမ်ခြေ ၈၀ ကျော်ရှိသော ချမ်းအေးစုသို့ အပြင်လူ အရောက်အပေါက်နည်းကြသည်။

ဆေးရုံအနောက်ဘက်ကွင်းပြင်ကိုဖြတ်၍ တစ်မိနစ်ခန့်လမ်းလျှောက်သွားလျှင် ချမ်းအေးစုသို့ရောက်သည်။

ခြံစည်းရိုးဖြင့် ဝင်းခတ်ထားပြီး အဝင်ဝနားတွင် ရပ်ကွက်ဓမ္မာရုံက ဆီးကြိုလျက်ရှိသည်။ ၁ လမ်း၊ ၂ လမ်း၊ ၃ လမ်းဟူ၍ လမ်းငယ် ၃ ခုဖြင့် ပိုင်းခြားထားသည်။

သစ်ပင်များဖြင့် အုံ့အုံ့ဆိုင်းဆိုင်းရှိသော ချမ်းအေးစုသည် အမြင်အားဖြင့် အမည်နှင့်လိုက်ဖက်နေသည်။

ထိုရပ်ကွက်သည် ဆေးရုံသို့ရောက်ရှိပြီး နေရပ်မပြန်နိုင်တော့သည့် အနာကြီးရောဂါသည်များ အခြေချရာ ဘုံဗိမာန်တစ်ခုပင်။

“ဒီမှာပဲသူတို့က နေသားကျသွားပြီ။ ဘာလို့လဲဆိုတော့ ဒီမှာ သူတို့အချင်းချင်းတွေ့ကြတယ်။ ရင်ဖွင့်ကြတယ်။ ဒီကမ္ဘာလေးဟာ သူတို့အတွက် အင်မတန်မှ ငြိမ်းချမ်းတဲ့ကမ္ဘာလေးပေါ့” ဟု အဆိုပါဆေးရုံတွင် Medical Information Supervisor အဖြစ် တာဝန်ထမ်းဆောင်နေသော ဒေါ်မိုးမိုးခိုင်ကပြောသည်။

ရှေးယခင်က ဆေးရုံသို့ လာရောက်ကုသသော အနာကြီးရောဂါသည်များသည် မိသားစုမှစွန့်ပစ်ခံရခြင်း၊ ရောဂါပျောက်ကင်းသွားသော်လည်း ဇာတိရပ်ရွာမှ လက်မခံခြင်းနှင့် ရောဂါသည်များကိုယ်တိုင် နေရပ်မပြန်လိုခြင်းတို့ကြောင့် အိမ်မပြန်တော့ဘဲ ဆေးရုံတွင် ချက်မြှုပ်နေထိုင်သွားကြောင်း ၎င်းက ပြောသည်။

ချမ်းအေးစု ရပ်လေးသည် ဘဝတူ ရောဂါသည်များ ဖူးစာဆုံရာမှ ပေါ်ပေါက်လာသော ရပ်ကွက်လေး တစ်ခု ဖြစ်သည်။

သူတို့၌ ကိုယ်ပိုင်မိသားစုရှိလာသည့်အခါ နေထိုင်ရေးအတွက် အခက်အခဲများရှိသဖြင့် ခရစ်ယာန် အနာကြီးရောဂါသာသနာလုပ်ငန်းအဖွဲ့က ပြန်လည်ထူထောင်ရေး ၅ နှစ် စီမံကိန်းကို ၂၀၀၅ ခုနှစ်တွင် စတင်ခဲ့ရာမှ ချမ်းအေးစုရပ်ကွက် ပေါ်ပေါက်လာခဲ့သည်။

“သူတို့မှာလည်း မိသားစုတွေနဲ့ ဖြစ်လာတယ်။ အဓိကရည်ရွယ်ချက်က သူတို့အိုးပိုင်အိမ်ပိုင်နှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်အောင်ပေါ့” ဟူ၍ သာသနာလုပ်ငန်းအဖွဲ့၏ ရည်ရွယ်ချက်ကို ဒေါ်မိုးမိုးခိုင်က ပြောပြသည်။

ခရစ်ယာန် အနာကြီးရောဂါ သာသနာလုပ်ငန်းအဖွဲ့က ဆေးရုံအနောက်ဘက်တွင် မြေကွက်များဝယ်ယူပြီး အနာကြီးရောဂါသည် အိမ်ထောင်စု ၈၀ ကျော်အား ပေ ၃၀ x ၂၀ မြေကွက်တွင် အိမ်ဆောက်ကာ ၅ သိန်းခွဲနှုန်းဖြင့် ၅ နှစ် အရစ်ကျ ပြန်ဆပ်စေပြီး အညီအမျှခွဲဝေရောင်းချပေးခဲ့ခြင်းဖြစ်၏။

ချမ်းအေးစု ရပ်ကွက်လေးတွင် နေထိုင်နေသော အသက် ၆၂ အရွယ် ဦးဝင်းမောင်က “မပြန်တော့ဘူး။ ဘဝချင်းမတူတဲ့အခါကျတော့ မလွတ်လပ်ဘူး။ ဒီမှာက ဘဝတူတွေဆိုတော့ ပျော်တယ်” ဟု ဆိုလေသည်။

ဦးဝင်းမောင်သည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ပုသိမ်ကုန်းကျေးရွာမှ ၁၉၈၅ ခုနှစ်တွင် ဆေးရုံသို့ ရောက်ရှိလာပြီး ရောဂါသည် ဒေါ်တင်စုနှင့် ဖူးစာဆုံကာ သားသမီး ၅ ဦး ထွန်းကားပြီး ဤနေရာတွင် အခြေချနေထိုင်ခဲ့သည်။

“ဒီမှာက ရောဂါသည်အသိုင်းအဝိုင်းဆိုတော့ ချစ်ချစ်ခင်ခင်နေတယ်။ ဟိုမှာက မျက်နှာငယ်တယ်” ဟု ဒေါ်တင်စုကပြောသည်။

၎င်းတို့မှာ ရောဂါပျောက်ကင်းသွားပြီး သားသမီးများတွင်လည်း ရောဂါဖြစ်ပွားမှုမရှိတော့ကြောင်း၊ ချမ်းအေးစုတွင် ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ၇ဝ ခန့် ကျန်ရှိနေသေးကြောင်း ၎င်းကပြောသည်။

ကိုယ်လက်အင်္ဂါများ ပုံပျက်နေသဖြင့် အများနှင့်တန်းတူ အလုပ်မလုပ်နိုင်သောကြောင့် အများစုမှာ အလှူခံလုပ်ငန်းဖြင့် အသက်မွေးကြပြီး ၎င်းတို့က အရှာထွက်သည် ဟုခေါ်သည်။

“မိသားစုအတွက် အဆင်ပြေတဲ့ဝင်ငွေရှိရင် ဒီအလုပ်ကိုမလုပ်ဘူး။ ဂုဏ်သိက္ခာမရှိဘူးလေ။ အဲဒီတော့ ဂုဏ်သိက္ခာရှိတဲ့အလုပ်ရော ဘယ်သူက ကျွန်တော်တို့ကို ပေးမှာလဲ” ဟု အလှူခံသူ ဦးအောင်ထွန်းကပြောသည်။

မသန်စွမ်းချင်းအတူတူ အနာကြီးရောဂါသည်များမှာ နှိမ့်ချဆက်ဆံခြင်းခံရကြောင်း၊ ခွဲခြားဆက်ဆံခြင်းများ အရင်ကထက်နည်းသွားသော်လည်း ရှိနေဆဲဖြစ်သည်ဟု ၎င်းကပြောသည်။

အလှူခံထွက်ပြီး ပြန်လာလျှင် စီးနေကျ ဆိုင်ကယ်ကယ်ရီ သမားများကလွဲ၍ အခြားသူများက မပေးစီးသဖြင့် လမ်းလျှောက်ပြန်ရသည်ကများကြောင်း၊ ကားစီးလျှင်လည်း ရွံရှာသည့်အကြည့်များကို မခံနိုင်၍ မစီးဖြစ်ကြောင်း ၎င်းကပြောသည်။

“သူစိမ်းတွေကျတော့လည်း နည်းနည်းမျက်နှာပူတယ်။ မသွားချင် မလာချင်တော့ဘူး။ ရှေ့တင်မပြောရင်တောင် နောက်ကွယ်ကျရင် ကဲ့ရဲ့ကြမှာ” ဟု သိမ်ငယ်စိတ်ကြောင့်ရွာမပြန်တော့သည့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ နော်ချူးချူးကဆိုသည်။

၎င်းသည်အရင်က အလှူခံထွက်ဖူးသော်လည်း ကျန်းမာရေးအခြေအနေကြောင့် ယခုအိမ်တွင် ဈေးရောင်းနေကြောင်း၊ ၎င်း၏ဖခင်နှင့် ခင်ပွန်းဖြစ်သူမှာလည်း ရောဂါသည်များဖြစ်ပြီး သမီးမှာ အသက် ၁ဝ နှစ်ရှိပြီး ၅ တန်းတွင် ပညာသင်ယူနေသည်ဟု သိရသည်။

ယခုအခါတွင် ကလေးများကို နှိမ်ချဆက်ဆံခြင်းများမရှိတော့ဟု ၎င်းကပြောသည်။

နေစရာအိမ်နှင့် ချေးငွေများ ဖန်တီးပေးနိုင်သော်လည်း အခြားသူများကဲ့သို့ လူ့အသိုင်းအဝိုင်း၏ ဖယ်ကြဉ်မှုများကြောင့် အများနည်းတူ စီးပွားရေးမလုပ်နိုင်ကြောင်း၊ ၎င်းတို့နှင့် ကိုက်ညီသော အသက်မွေးမှုကို ဖြည့်ဆည်းပေးဖို့ခက်ခဲသည်ဟု သူနာပြုအုပ်ဒေါ်နီနီသိန်းကပြောသည်။

“ခွဲခြားဆက်ဆံတာရှိသေးတယ်။ သာမန်လူတွေလို အခွင့်အရေးပြည့်ပြည့်ဝဝရဖို့ လိုအပ်နေသေးတယ်” ဟု ဒေါ်နီနီသိန်းကပြောသည်။

ရောဂါသည်များမှာ ကိုယ်လက်အင်္ဂါများ ပျက်စီးနေသဖြင့် သမာအာဇီဝကျသည့်အလုပ်များကို ရေရှည်မလုပ်နိုင်ဘဲ တောင်းစားသည့်အလုပ်ဖြင့်သာ အသက်မွေးနေကြသည်ဟု ဒေါ်မိုးမိုးခိုင်ကပြောသည်။

“ဈေးရောင်းပြန်တော့လည်း လက်တွေခြေတွေ ကောက်ကောက်ကွေးကွေးနှင့် ဘယ်သူက စားမှာလဲ” ဟု ဒေါ်နီနီသိန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အနာကြီးရောဂါသည် ဖြစ်ပွားမှုနှုန်းမှာ အယောက် ၁ သောင်းလျှင် ၁ ယောက်အောက်သို့ လျော့ကျသွားပြီဟု ဆိုသော်လည်း လူနာအသစ် တစ်နှစ်လျှင် ၂၅၀၀ မှ ၃၀၀၀ ကြားပေါ်ထွက်လာနေသေးသည်ဟု ယင်း ဆေးရုံအုပ် ဦးချမ်းလွင်ကဆိုသည်။

ရောဂါပျောက်ကင်းသွားသော်လည်း ကိုယ်အင်္ဂါချို့တဲ့နေသည့် မသန်မစွမ်း ၉ သောင်းနှင့် ၁ သိန်းကြားရှိသည်ဟု ၎င်းကပြောသည်။

၂၀၀၀ ခုနှစ်တွင် မော်လမြိုင်ခရစ်ယာန်အရေပြားအထူးကုဆေးရုံတွင် အနာကြီးရောဂါသည် လူနာအသစ် ၁၅ဝ ရှိခဲ့ရာ ၂၀၁၀ ခုနှစ်တွင် ၃၆ ဦးထိ တဖြည်းဖြည်းလျော့ကျခဲ့သော်လည်း၂၀၁၁ ခုနှစ်တွင် ၆၀ ကျော်အထိ ပြန်လည်မြင့်တက်သွားသည်။ ထိုနှုန်းအတိုင်း ရပ်တန့်နေသည်မှာ ၈ နှစ် ရှိပြီဖြစ်သည်။

“တစ်နှစ်ထက်တစ်နှစ် လျော့ကျမသွားဘူး။ သူ့အလိုလို မိသားစုတွေက လာပို့ကြတာ။ ကျွန်မတို့က တိုက်ရိုက်ရှာဖွေထားတာမရှိဘူး။ တစ်နေ့တစ်ချိန်မှာ ရောဂါတွေ တအားတိုးပွားများလာမှာကို စိုးရိမ်နေတယ်” ဟု ဒေါ်နီနီသိန်းကပြောသည်။

နိုင်ငံတကာ ခရစ်ယာန်အနာကြီးသာသနာလုပ်ငန်းမှ အနာကြီးရောဂါသည်များအတွက်သာ ထောက်ပံ့ငွေပေးပြီး ပျောက်ကင်းသွားသည့်လူနာများအတွက် မပါဝင်သဖြင့် သာမန်အရေပြားရောဂါ ပြင်ပလူနာများထံမှ ဆေးရုံအတွက် ဝင်ငွေရှာပြီး ခက်ခဲစွာ ရပ်တည်နေရသည်ဟု ၎င်းကဆိုသည်။

အနာကြီးရောဂါသည်များမှာ ရောဂါပျောက်ကင်းသွားသော်လည်း အခြားရောဂါများဖြစ်ပွားလာလျှင် ပြင်ပဆေးရုံသို့မသွားကြောင်း၊ ၎င်းတို့သည် ရောဂါသည်များ ဖြစ်သည့်အတွက် ဤဆေးရုံနှင့်သာ သက်ဆိုင်သည်ဟု ခံယူထားကြောင်း ဒေါ်နီနီသိန်းကပြောသည်။

ချမ်းအေးစုနေ ရပ်ကွက်သားများသည် အမေ့လျော့ခံ ပုံရိပ်များသာဖြစ်ပြီး ၎င်းတို့အတွက် ကူညီမည့်အဖွဲ့အစည်းများ ရောက်မလာ၊ ထိုသို့ရောက်မလာသည့်အတွက် အပြစ်တင်ခြင်းကိုလည်း မပြုလိုဟု ဒေါ်နီနီသိန်းကပြောသည်။

အတိတ်ဆိုးများ၊ လူ့အသိုင်းအဝိုင်း၏ ဥပေက္ခာပြုမှုများ၊ ရုန်းကန်လှုပ်ရှားမှုများဖြင့် လျှောက်လှမ်းလာသော ခရီးလမ်းတွင် ၎င်းတို့သည် ခြေကုန်လက်ပန်းကျလုသော်လည်း ယနေ့ထိတိုင် အားတင်း၍ လျှောက်လှမ်းနေရဆဲ၊ ဘဝနေဝင်ချိန်အတွက် စိုးရိမ်မှုများ ရှိနေဆဲဖြစ်သည်။

သို့သော် ချမ်းအေးစုကို သူတို့၏ ထာဝရနားခိုရာအဖြစ် ဖန်တီးပေးသည့် ဘုရားသခင်ကို ကျေးဇူးတင်သည်ဟု အသက် ၆၂ နှစ်အရွယ်ဦးဝင်းမောင်ကဆိုသည်။

အဆိုပါရပ်ကွက်တွင် သာရေးနာရေးအသင်းဖွဲ့စည်းထားပြီး နာရေးပေါ်လာပါက တစ်အိမ်လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ထည့်ဝင်ကြသည်။ အသုဘချခြင်းကိုလည်း အချင်းချင်းပင် ဝိုင်းဝန်းလုပ်ဆောင်ကြသည်ဟု ဦးဝင်းမောင်ကပြောသည်။

“ကလေးတွေအတွက်ပဲ ပူပင်နေရတယ်။ ဆန်ကုန်မြေလေး ကျွန်တော့်အဖို့တော့ ဒီလောက်အသက်ရှည်တာ နေလို့ဝပါပြီ” ဟု ၎င်းကပြောသည်။

ချမ်းအေးစု ရပ်ကွက်သား အသက် ၅၆ နှစ်အရွယ်ရှိ ဦးအောင်ထွန်းကတော့

“အနူကို အနူလို့မြင်တုန်းပဲ။ ဒီနေရာကတော့ သီးခြားကမ္ဘာလေးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက နောက်ဆုံးခေါင်းချရမယ့် နေရာပဲ” ဟုဆိုလိုက်ပါသည်။

စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.