သုံးစွဲရန်မသင့် အစားအသောက်နှင့် အလှကုန် ၁၆မျိုး စစ်ဆေးတွေ့ရှိထား

ထားဝယ် သြဂုတ် ၂၈

စားသုံးရန်၊ သုံးစွဲရန်မသင့်လျော်သည့် အစားအသောက်နှင့် အလှကုန် ၁၆မျိုးကို တနင်္သာရီတိုင်းဒေသကြီးတွင် စစ်ဆေးတွေ့ရှိရကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ သိရသည်။

တားမြစ် ဓာတုဆေးဝါးများ ထည့်သွင်းထုတ်လုပ်ထားသည့် အစားအသောက်များ၊ ခွင့်မပြုဓာတုပစ္စည်းများဖြင့် ဖော်စပ်ထားသည့် အလှကုန်များကို ယခုနှစ်စမှ သြဂုတ်လလယ်အတွင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ယင်းပစ္စည်းများကို ဈေးကွက်အတွင်းတွေ့လျှင် ရောင်းချမှုမပြုရန် တားမြစ်ခြင်း၊ ပစ္စည်းသိမ်းဆည်းခြင်းတို့ကို လုပ်ဆောင်နေကြောင်း အထက်ပါဌာနမှ ဒေါက်တာဟိန်းမင်းထက်အောင်က ပြောသည်။

“နောက်တစ်ကြိမ် ဒီအမျိုးအစားတူတာတွေ့ရင်တော့ သိသိကြီးနဲ့ရောင်းချတာဖြစ်တဲ့အတွက် ပြင်းထန်စွာအရေးယူဖို့ကော်မတီ(တနင်္သာရီတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ)ကို တင်ပြသွားမယ်” ဟု ၎င်းကဆိုသည်။

တနင်္သာရီဒေသဈေးကွက်တွင် ရောင်းချနေသော ဒေါ်သန်းပိုတံဆိပ် ငပိ၊ ဒေါ်ခင်ခင် တံဆိပ် ငပိ၊Golden Lionတံဆိပ် ငရုတ်ဆီ၊ ဒေါ်ဖြူတံဆိပ် ငရုတ်သီးမှုန့်၊ ရွှေလက်ရာတံဆိပ် ငရုတ်သီးမှုန့်၊ ကျောက်ဆူးတံဆိပ် ပဲပြား၊ ၀ တံဆိပ် ပဲပြားစသည်တို့တွင် တားမြစ်ဓာတုပစ္စည်းပါဝင်နေကြောင်း၊ ယင်းအပြင် အမှတ်တံဆိပ်မပါ ငရုတ်ဆီတစ်မျိုးနှင့် သရက်ချဉ်တစ်မျိုးနှင့် Mikiko ချယ်ရီသီးတို့တွင်လည်း အလားတူတွေ့ရကြောင်း သိရသည်။

ထို့အပြင် အလှကုန်ပစ္စည်းများဖြစ်သောRUIQIAN(တရုတ်ဘာသာ)တံဆိပ်မိတ်ကပ်၊ Win Surf တံဆိပ်မိတ်ကပ်ကရင်မ်၊ Dr.Japan တံဆိပ် အလှကုန်၊ WinSurfတံဆိပ်နှင့် QIANLI တံဆိပ်မျက်နှာသစ်ဆေး၊ QIANLI အလှကုန်ပစ္စည်းများတွင် တားမြစ်ဓာတုဆေး ပါဝင်သည်ဟု FDAက တွေ့ရှိထားသည်။

အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသောဓာတုဆိုးဆေးများကို အသုံးပြုပါက အမျိုးသား အစားအသောက်ဥပဒေပုဒ်မ ၂၈ (က) အ ရလည်းကောင်း၊ အလှကုန်ပစ္စည်းတင်သွင်း၊ဖြန့်ဖြူး၊ရောင်းချသည့် ကုမ္ပဏီနှင့်လက်လီလက္ကားဆိုင်များအနေဖြင့် အလားတူကျူးလွန်ပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊အပိုဒ်၃(ဃ)အရလည်းကောင်း အရေးယူသွားမည်ဟု ကြေညာထားသည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.