Advertisements

မော်လမြိုင်၊ အောက်တိုဘာ

သုံးကြိမ်တိုင် ဆန္ဒပြ တောင်းဆိုထားသော်လည်း ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရှိ Long Life Aggregate Mining Co.Ltd ကျောက်မိုင်းကုမ္ပဏီကို ဖျက်သိမ်းရန်မရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၉ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပေါင်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက ယင်းကုမ္ပဏီလုပ်ငန်းမှာ ဒေသခံပြည်သူများ၏ အသက်၊ အိုးအိမ်နှင့် လုပ်ငန်းများအပေါ် ထိခိုက်နေသောကြောင့် ဖျက်သိမ်းပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းစဉ် ဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒီစီမံကိန်းဟာ တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ စီမံကိန်း ဖြစ်တယ်လို့ ပြည်နယ်အစိုးရက သဘောတူထားပါတယ်။ အခွန်ပေးသွင်းမှုမှာလည်း အပြည့်အဝ ပေးသွင်ထားလို့ ဖျက်သိမ်းဖို့ မရှိဘူး”ဟု ဝန်ကြီးက ဆိုသည်။

ယခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ကျင်းပခဲ့သည့် စီးပွားရေးရာ ကော်မတီမြှုပ်အစည်းအဝေးတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုများကို ခိုင်လုံသည့် အထောက်အထား မရှိဘဲ ပိတ်သိမ်းမှု မပြုလုပ်ရန် အကြောင်းကြားထားခြင်းကြောင့် ကုမ္ပဏီအား ဖျက်သိမ်းရန် မရှိသေးကြောင်း ၊ သို့ရာတွင် ကုမ္ပဏီအနေဖြင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကြောင်း စိစစ်တွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကုမ္ပဏီသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ နှစ် ၃၀ ရင်းနှီးလုပ်ကိုင် ခွင့်ကို ရရှိထားသည့် လုပ်ငန်း တစ်ခုဖြစ်ပြီး ပြည်နယ် အစိုးရအဖွဲ့၏ သဘောတူ ခွင့်ပြုချက်များလည်း ရရှိထားသည့်အပြင် တတိယအဖွဲ့အစည်း၏ (EIA,AIA) ဆန်းစစ်ချက်ခံယူမှု၊ ဆန်းစစ်ချက်များအရ (EMP) ရေးဆွဲထားပြီး ဆောင်ရွက်နေမှု၊ မိုင်းသုံးစွဲမှုနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်မှု၊ ကျောက်မိုင်းအား ကျွမ်းကျင်အင်ဂျင်နီယာ ဝန်ထမ်းများနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ တုန်ခါမှု၊ ဆူညံသံများအား စနစ်တကျ ထိန်းချုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

ယင်းအပြင် အစားထိုး သစ်ပင်များ စိုက်ပျိုးထားခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ မြေပြိုခြင်းများမှ ကာကွယ်ရန် ဗာတီဘာမြက်ပင် ကန်စွန်းနွယ်၊ နတ်မြှားစသော မြေထိန်းသစ်ပင်များ စိုက်ပျိုးထားခြင်း၊ နုန်းအနည်အနှစ်များ ဖမ်းယူရန်အတွက် နုန်းတားတမံ များ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ထားကြောင်း ဝန်ကြီးက ပြောသည်။

မေးခွန်းရှင် လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက “ကျောက်မိုင်း ကျောက်ထုတ်လုပ်ခြင်းကြောင့် ရေအရင်းအမြစ်တွေလည်း ပျောက်ဆုံးနေတယ်။ ကျေးရွာ ပြည်သူတွေ သောက်သုံးရေ အခက်အခဲ ဖြစ်နေတယ်။ ကျေးရွာ ဥယျာဉ်ခြံတွေမှာ သဲနုန်းတွေ ဖုံးလွှမ်းသွားလို့ စိုက်ပျိုးလို့ မရတော့ပါဘူး။ နောက်ပြီး အခွန်အခအနေနဲ့ အနည်းငယ်သာ ရနေပါတယ်။ အခွန်အခ အနည်းငယ်သာ ရတဲ့အတွက်ကြောင့်မို့လို့ ပေးဆပ်နေရတဲ့ ပြည်သူတွေအတွက် တန်ရဲ့လားလို့ သုံးသပ်သင့်ပါတယ်။ ဒီအတွက်လည်း ဒေသခံတွေက သုံးကြိမ် ဆန္ဒပြထားတယ်၊ ကန့်ကွက်တဲ့ သူကိုလည်း ထောင် သုံးနှစ် ချထားသေးတယ်”ဟု ထပ်လောင်းပြောဆိုသည်။

ယင်းအပြင် ကုမ္ပဏီအနေဖြင့် ၂၀၁၆ -၁၇ ဘဏ္ဍာရေးနှစ်တွင် ကျောက်ကျင်းအတွက် အခွန်ငွေကျပ် ၂၅ သိန်းသာ ပေးသွင်းထားကြောင်း လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောဆိုသွားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဝန်ကြီး ဦးအုန်းဝင်းနှင့် Long Life Aggregate Mining Co.Ltd ဒါရိုက်တာ ဦးအောင်သက်ဌေးက ကုမ္ပဏီအနေဖြင့် သစ်တောဦးစီးဌာနကို ကျောက်တစ်ကျင်းလျှင် ကျပ် ၂၅၀၀ နှုန်းဖြင့်လည်းကောင်း၊ ထွေအုပ် ဦးစီးဌာနကို ကျပ် ၂,၅၀၀ နှုန်းဖြင့်လည်းကောင်း စုစုပေါင်း သိန်း ၁,၆၀၀ ကျော်ပေးသွင်းထားကြောင်း ပြောသည်။

“လွှတ်တော်အမတ်က ၂၅ သိန်းပဲ သွင်းထားတယ်လို့ ပြောတာ၊ သေချာ အချက်အလက် မယူထားဘူးဖြစ်မယ်။ ကွဲလွဲမှုဖြစ်နေတယ်။ ကျွန်တော်တို့က အခွန်အမျိုးမျိုးပေးနေရပါတယ်၊ သစ်တောဆိုလည်း သစ်တောမြေဌားခ ပေးရတယ်၊ အာမခံကြေးလည်း ပေးရတယ်။ အမြတ်ခွန်လည်း ဆောင်ရတယ်၊ ထောင်သုံးနှစ်ကျတာ ကျွန်တော်တို့ လုပ်တာ မဟုတ်ဘူး။ ထွေအုပ်မှာ ဖြစ်တဲ့ ပြဿနာကြောင့် ကျသွားတာဖြစ်တယ်”ဟု ဦးအောင်သက်ဌေးက ရှင်းလင်းပြောကြားသည်။

ယင်းကုမ္ပဏီသည် ၂၀၁၃ခုနှစ်တွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း MIC ၏ ခွင့်ပြုချက်ဖြင့် ကုလားမတောင် သစ်တောကြိုးဝိုင်းတွင် မြေဧက ၂၂၅ ဧက ကို နှစ် ၃၀ အငှားစာချုပ်ဖြင့် လုပ်ကိုင်လျက်ရှိသည်။

ကျောက်မိုင်းကုမ္ပဏီ၏ ကျောက်ထုတ်လုပ်ခြင်းကြောင့် ဒေသအတွင်း၌ လယ်ယာမြေ ပျက်စီးခြင်း၊ စမ်းရေများ ခန်းခြောက်ခြင်း၊ သဘာဝ တိရစ္ဆာန်များ သေကြေပျက်စီးခြင်းများ ဖြစ်ပေါ်လာသည့်အတွက် ကျောက်မိုင်းလုပ်ငန်း ပိတ်သိမ်းပေးရန် ဒေသခံများက ၂၀၁၆ ခုနှစ်တွင် နှစ်ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ် ဆန္ဒပြတောင်းဆိုထားသည်။

“ရွာမှာ အကုန်လုံး ပျက်စီးနေတယ်။ ရေအရင်းအမြစ်တွေလည်း ပျက်စီးနေတယ်။ လယ်သမားတွေ လယ်လုပ်လို့ မရဘူး။ ခြံသမားတွေလည်း ပျက်စီးနေတယ်။ အစိုးရက မပိတ်ပေးဘူးဆိုရင် ရအောင်ပိတ်သိမ်းပေးဖို့ ဆန္ဒအကြိမ်ကြိမ်ပြသွားမယ်”ဟု ကျောက်မိုင်း ပိတ်သိမ်းရန် ဆန္ဒပြတောင်းဆိုနေသည့် ဥတ္တံတားကျေးရွာနေ ဒေါ်မူက ဆိုသည်။

Written by – ဇော်ထိုက်

Leave a Reply