မော်လမြိုင် ၊ ဖေဖော်ဝါရီ ၈ ။ ။ သူရဦးရွှေမန်းဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မည့်ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင်တွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဟောင်း ဦးကျင်ဖေပါဝင် ကြောင်း အဆိုပါကော်မရှင်ထံမှသိရှိရသည်။

Kyin-Pe
ယင်းကော်မရှင်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ အဖြစ်ဦးရွှေမန်း နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးကိုကိုနိုင်တို့ကိုခန့်အပ်ကာ အဖွဲ့ဝင်် (၂၃)ဦး ဖြင့်ဖွဲ့စည်းခဲ့ကြောင်းယင်းကော်မရှင် ထံမှသိရှိရသည်။

“သူ့တို့ကမ်းလှမ်းတယ်လို့လည်းမဟုတ်ဘူး၊တာဝန်ပေးတာတဲ့ သဘောပေါ့ဗျာ၊ သို့သော်လည်း ကျွန်တော် ဆန္ဒကတော့ ပြည်နယ်ကနေ ပြည်ထောင်စုကို ဆက်သွယ်ဆောင်ရွက်တဲ့ နေရာမှာစိတ်ဝင်စားတယ်၊ အဲဒါကြောင့်မို့ ဒီကဏ္ဍာကို ပါဝင်ရတာ အဆင်ပြေမယ်လို့ ထင်တယ်’’အဆိုပါ ကော်မရှင် အဖွဲ့ဝင်ဦးကျင်ဖေက ပြောသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးမှ တစ်ဆင့် ပြည်ထောင်စုကို ချိတ်ဆက် နိုင်သည့် ဥပဒေ ပြုရေး ကိစ္စရပ်များနှင့် စီမံခန့်ခွဲအုပ်ချုပ်ရေး အပိုင်းတွေကို စိတ်ဝင်စား သောကြောင့် ကော်မရှင် အဖွဲ့ဝင် အဖြစ် တာဝန်ပေးခြင်းကို လက်ခံလိုက်ရခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် သည် ဥပဒေကြမ်းကော်မတီကို အဓိကထား ပံ့ပိုးရမည့် တာဝန်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်အဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

ဦးကျင်ဖေသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ချောင်းဆုံ မဲဆန္ဒနယ် အမှတ်(၁)တွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင် အနိုင် ရရှိကာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးကျင်ဖေသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်မှု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းမရှိပေ။

Leave a Reply