Advertisements

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အာဏာရလာသည်မှာ နှစ်နှစ်ကျော်ပြီ။ ယင်းအတွင်း မွန်ပြည်နယ် စိုးရအဖွဲ့၌
ဝန်ကြီးချုပ်နှင့် ဝန်ကြီးအပြောင်းအလဲ တစ်ကြိမ်စီဖြစ်ခဲ့သည်။

အကြောင်းတို့ကိုကြည့်လျှင် အကျင့်ပျက်ခြစားမှု၊ မလျော်သြဇာသုံးမှု၊ အရည်အချင်းပျက်ယွင်းမှုစသဖြင့် ကြီး လေးသော
ပြစ်ဒဏ်များကြောင့်ဟုမတွေ့ရ။ ယင်းသို့သော အကြောင်းများကို ဟိုမှ ဒီမှကြားရ သည်တော့ရှိ၏။

သို့သော် အရေးယူမခံရခြင်းကို ထောက်ချင့်၍ မယ်မယ်ရရမရှိနိုင်ဟု အကြမ်းဖျင်း ကောက်ချက်ချရမည်သာ။ တရားဝင်ထုတ်ဖော်ပြောဆိုမှုများကို ကြည့်လျှင်လည်း ယင်းကိစ္စတို့ တိုက်ရိုက်မပါဝင်ဘဲ တိုင်ကြားစာများခြင်း နည်းခြင်းသည်
သာ အဓိကနေရာ၌ရှိနေသည်။

မည်သူတို့ တိုင်ကြပါသနည်း။ စုံစမ်းသိရှိမှုများအရ တိုင်ကြားစာအတော်များများသည် အစိုးရအဖွဲ့ဝင် အချင်းချင်း၊ ပါ
တီဝင်အချင်းချင်း အငြင်းပွားမှုများမှ မြစ်ဖျားခံသည်ဟူ၍ပင်။

လူသားတို့ဖြစ်သည့်အလျောက် အကြောင်းကိစ္စတစ်ရပ် ဖြေရှင်းခြင်း၊ ဆုံးဖြတ်ခြင်း၊ စီမံခြင်းစသည်တို့တွင် တစ်ဦးနှင့်
တစ်ဦးသဘောမညီသည်မှာ ဓမ္မတာဟု ဟင်္သာကမှတ်ယူပါသည်။

သူ၊ ငါ၊ မိတ်ဆွေ၊ ရန်ဘက်စသည့် အတ္တအမိုး အောက်မှထွက်၍ တိုင်ပင်ဆွေးနွေး၊ ကိုယ့်တာဝန်ကိုယ်ယူ၊ သူ့တာဝန်
သူ့ပေး၊ ပူးပေါင်းဆောင်ရွက်နိုင်မှုရှိခြင်း၊ မရှိခြင်းသည် ရလဒ်ကို အရိပ်ထင်စေမည်ဟုလည်း လက်ခံထား၏။

ယင်းနည်းလမ်းသည် ကိုယ်ကျိုးစွန့်၍ ပြည်သူ့ရှေ့ မားမားမတ်မတ်ရပ်တည်ဖူးသည့် အတိတ်ကြောင့် ယုံကြည်ကိုးစားခံထားရသူတို့၏ အစုအဖွဲ့အတွင်း၌ဆိုလျှင် ပို၍ပင်ကျင့်သုံးထိုက်ပါကြောင်းထောက်ပြလိုသည်။

နိုင်ငံ၌ နှစ်ပေါင်းများစွာ ပျောက်ဆုံးခဲ့ရသော ဒီမိုကရက်တစ်လူ့ဘောင်၏ အမူအကျင့်ကောင်းများကို ပြန်လည်
ပြုစုပျိုးထောင်ခြင်းမည်၍ စံနမူနာအဖြစ် ထူထောင်ပြသင့်သည်ဟုပင် သဘောရပါ၏။

၇၅ ကျပ်သားပင် ပြည့်ပါသလော စဉ်းစားနေရသည့် ဒီမိုကရေစီနိုင်ငံတွင် ပူးပေါင်းမဆောင်ရွက်တတ်မှု၌ အခြေခံ သော အထက်ပါ မညီညွတ်မှုမျိုးကို ရပ်တန့်နိုင်ခြင်းမရှိပါက မွန်ပြည်နယ်ကံဆိုပြီဟုပင် ကောက်ချက်ချမိသည်။

လက်ရှိအခြေခံဥပဒေအရ ပြည်နယ်/တိုင်းတို့အတွက် အားသာချက်အဖြစ်ရှိနေသည့် ဒေသအစိုးရနှင့် ၎င်းင်း၏ အာဏာ
ရပါတီတို့ ပူးပေါင်းပြီး အပြောင်းအလဲများအား အောက်ခြေ အထိခံစားခွင့်ရအောင် ဆောင်ကြဉ်းပေးနိုင်စွမ်းရှိနေသည်။ ယင်းကိုအသုံးမချနိုင်လျှင် ညံ့ရာကျမည်ဟု သတိပေးလိုရင်းပင်။

အချိန်ကား သုံးနှစ်ပင်မကျန်တော့ပြီ။

အယ်ဒီတာ

Advertisements
<

Leave a Reply