မော်လမြိုင်သည် ၁၈၂၉ ခုတွင် တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်လာသည်။ ပထမဆုံးဝန်ရှင်တော်မင်းကြီးဖြစ်သူ “မိန်းဂေး”သည် မြန်မာမင်းတို့၏ အုပ်ချုပ်မှုပုံစံကို လေ့လာသောအခါ မြို့သူကြီးများထားရှိသည်ကို တွေ့ရသည်။

ta-gyee

မိန်းဂေးသည် မြို့သူကြီးများဆက်လက်ထားရှိပါက မိမိတို့အတွက် အကျိုးရှိမည်ဟု မျှော်လင့်သဖြင့် မြို့သူကြီးများကို မြန်မာမင်းလက်ထက်က ပုံစံအတိုင်းဆက်လက်ထားရှိသည်။ မြို့သူကြီးများအား ရပ်ရွာအေးချမ်းရေးတရားဥပဒေစိုးမိုးရေးအခွန်ကောက်ခံရေးစသော တာဝန်နှင့် အခြားအုပ်ချုပ်ရေးတာဝန်များကိုပါပေးလိုက်သည်။

တိုက်နယ်အဆင့်အုပ်ချုပ်ရသော တိုက်သူကြီးများကို အဆင့်(၃)ဆင့်ခွဲလိုက်သည်။ ရွာပေါင်းများစွာပါဝင်သော တိုက်နယ်အများကို ကြီးကြပ်ရသူအား ပထမဆင့်၌လည်းကောင်း၊ ရွာပေါင်းများစွာပါဝင်သော တိုက်နယ်တစ်နယ်ကိုသာ ကြီးကြပ်ရသူအား ဒုတိယဆင့်၌လည်းကောင်း၊ ရွာတစ်ရွာနှစ်ရွာကိုသာ ကြီးကြပ်ရသူအား တတိယဆင့်၌လည်းကောင်း ထားရှိလိုက်သည်။

ဤသို့ အုပ်ချုပ်ရေးအဆင့်ဆင့်နည်းစနစ်တွင် သုံးလိုက်သောအခါ ရွာအကြီးအကဲ(သူကြီး) တိုင်းအား ပုံသေလစာပေးရန်လိုအပ်လာသည်။ တိုက်နယ်အဆင့်အုပ်ချုပ်ရသူများသည် တာဝန်ပိုကြီးလာသည်။ မိမိနယ်အတွင်း၊ အထွေထွေအုပ်ချုပ်ရေး၊ ပုလိပ်လုပ်ငန်းနှင့် အခွန်ကောက်ခံရေးလုပ်ငန်းတို့ကိုပါ တာဝန်ယူရသဖြင့်၊ ကူညီမည့်သူများကို ခန့်ထားပေးရသည်။ ရပ်ရွာလုံခြုံရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနိုင်ရန် ခေါင်း (gaung=village policeman) များကို  ခန့်ထားပေးရသည်။

ရပ်ရွာအတွင်းအခွန်ကောက်ခံပေးရသော ကြေးထမ်းကြီး (Kyedangyi) များကို ခန့်ထားပေးရသည်။ နယ်ပယ်ကျယ်ဝန်းသည်နှင့်အမျှ လခအများအပြားပေးရသည်။ ကျေးရွာအုပ်ချုပ်ရေးစရိတ်ကြီးမားလာသောအခါ ဗြိတိသျှအစိုးရသည် မြန်မာမင်းလက်ထက်က ကျင့်သုံးခဲ့သော၊ အခွန်ကောက်ခံရရှိသည့် ငွေကြေးအပေါ် အချိုးကျပေးသော၊ "ခိုင်ကြေး" ပေးသော စနစ်ကို ပြောင်းလဲကျင့်သုံးသည်။ ခိုင်ကြေးပေးသော စနစ်ကျင့်သုံးသောအခါ လခပေးရန်မလိုတော့ချေ။

"၁၈၈ဝ-ပြည့်နှစ် ကျေးရွာပုလိပ်အက်ဥပဒေအပိုဒ်(၁၄)"က သတ်မှတ်ပေးသည့်၊ ရွာသူကြီးတို့၏ တာဝန်ဝတ္တရားသည် အကြမ်းအားဖြင့် အောက်ပါအတိုင်းဖြစ်သည်။ 

၁။ သက်ဆိုင်ရာကျေးရွာတွင် ဖြစ်ပွားပေါ်ပေါက်သည့် အငြင်းခုံအရှုပ်အထွေးမှန်သမျှကို၊ သက်ဆိုင်ရာခေါင်း၊ သို့မဟုတ် ပုလိပ်စခန်းသို့ အကြောင်းကြားရမည်။

၂။ မသင်္ကာဖွယ်လူများ၊ ထွက်ပြေးတိမ်းရှောင်လာသော ရာဇဝတ်သားများ၊ ကျေးရွာတွင်းသို့ဝင်ရောက်လာခြင်း၊ သို့မဟုတ်ကျေးရွာအနီးအပါးတွင် ရှိနေခြင်းနှင့် လူဆိုးလူမိုက်ဓားပြတို့၏ လှုပ်ရှားမှုများကို ခေါင်းသို့မဟုတ် ပုလိပ်စခန်းသို့ သတင်းပို့ရမည်။ 

၃။ ယစ်မျိုးနှင့် ဘိန်းဥပဒေများကို ကျူးလွန်ဖောက်ဖျက်မှုများရှိက သတင်းပေးပို့တိုင်ကြားရမည်။

၄။ မည်သည့်ရာဇဝတ်တရားသူကြီး၊ အခွန်ကောက်အရာရှိနှင့် ပုလိပ်အရာရှိက မဆိုထောက်လှမ်းခိုင်းသည့် ရပ်ရွာသူသတင်းများကို စိတ်ရောကိုယ်ပါကြိုးစားထောက်လှမ်းပေးပို့ရမည်။ အရေးပိုင်သို့မဟုတ် အရေးပိုင်၏ အမိန့်အရဆင့်ဆိုညွှန်ကြားသမျှ အမိန့်အာဏာများကို နာခံဆောင်ရွက်ရမည်။ 

၅။ အခွန်တော်ကောက်ခံခြင်း၊ ခိုင်ကြေးကောက်ခံခြင်းစသည်တို့နှင့် စပ်လျဉ်း၍ တိုက်သူကြီးကို လိုအပ်သလိုကူညီရမည်။ ထို့ပြင်စိုက်ပျိုးရေးနှင့် ပတ်သက်၍လည်းကောင်း၊ အခွန်ကိစ္စဆိုင်ရာ အခြားကိစ္စအရပ်ရပ်တို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ ရရှိသမျှသတင်းစကားတို့ကို ပေးပို့အကြောင်းကြားရမည်။

၆။ ကျေးရွာအတွင်း၊ မွေး၊ သေ၊ အိမ်ထောင်ပြုစာရင်းများကို ပြုစုထားရှိရမည်။

၇။ ခရီးသွားအစိုးရအမှုထမ်းများအတွက်သော်လည်းကောင်း၊ အရေးပိုင်က ညွှန်ကြားဆင့်ဆိုသည့်အခါ၊ အခြားပုဂ္ဂိုလ်များအတွက်သော်လည်းကောင်း၊ စားနပ်ရိက္ခာ၊ လူသူ၊ လှည်းနွားမှစ၍၊ ဝန်စည်တင်ဆောင်သယ်ပို့ရန်လိုအပ်ချက်အရပ်ရပ်ကို တတ်စွမ်းသမျှ ကူညီပေးဆောင်ရမည်။

လုပ်ရည်ကိုင်ရည်အစွမ်းအစရှိသူ၊ အခြေအနေအဆင့်အတန်းရှိသူ၊ ရပ်ရွာကလေးစားကြည်ညို၍ သြဇာတိက္ကမရှိသူ၊ လူကောင်းလူမွန်များက၊ ထိုရာထူးများကို တန်ဖိုးမထား၊ လက်မခံကြချေ။

“ကိုလိုနီခေတ် မော်လမြိုင်တရားစီရင်ရေး”

၁၈၂၉-ခု ဝန်ရှင်တော်မင်းကြီး "မိန်းဂေး" လက်ထက်တွင် မော်လမြိုင်သည် တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်လာသည်။ ထိုအချိန်သည် လစ်ဘရယ်ဝါဒ (Liberalism) ထွန်းကားနေသည့် အချိန်နှင့်တိုက်ဆိုင်လျက်ရှိသည်။ ထိုစဉ်က လစ်ဘရယ်ဝါဒကို ဦးထိပ်ထားသူများမှာ- 
၁။ဆာစတင်းဖိုးရက်ဖယ်
  (Sir Stamford Raffles)
၂။ဆာသောမတ်မွန်ရို
   (Sir Thomas Munro)
၃။မောင့်စတူးဝပ် အယ်ဖင်စတုန်း-နှင့်
   (Mountstuart Elphinstone)
၄။လော့ဝီလီယံက ဗင်းဒစ်ဘင်းတစ်
   (Lord William Cavendish – Bentinck)
တို့ဖြစ်ကြသည်။

ထိုပုဂ္ဂိုလ်တို့က စီးပွားရေးလွတ်လပ်မှု၊ တရားဥပဒေရှေ့မှောက်တွင် အခွင့်အရေးတန်းတူရည်တူရရှိမှုနှင့် အုပ်ချုပ်ခံနယ်မြေများ သာယာဝပြောစေမှုတို့ကို အစိုးရ၏ လမ်းညွှန်အဖြစ် ကျင့်သုံးလိုသူများဖြစ်ကြသည်။ ဗြိတိသျှတို့ ဂျာဗား(Java) ကျွန်းကို အုပ်စိုးစဉ်က "ရက်ဖယ်" သည် ဂျူရီ (Jury) လူကြီးများ (ဇံသမာဓိလူကြီးများ) ဖြင့် တရားစီရင်ရေးစနစ်ကို ကျင့်သုံးခဲ့ရာ အောင်မြင်ခဲ့သည်။ "မိန်းဂေး" သည်လည်း  ခုံသမာဓိလူကြီးများဖြင့် တရားစီရင်သော စနစ်ကို မော်လမြိုင်နှင့် တနင်္သာရီတိုင်းတွင် ကျင့်သုံးလျှင် အောင်မြင်မည်ဟု ယုံကြည်သည်။ 

ယုံကြည်ချက်အတိုင်းလက်တွေ့ကျင့်သုံးသည်။ သို့သော် မြန်မာနိုင်ငံသား ခုံသမာဓိလူကြီးများ၏ စီရင်ချက်များအချို့တွင် လူလူချင်းစာနာထောက်ထားသော သဘောတရားများပါဝင်နေသည်ကိုတွေ့ရသည်။ စီရင်ချက်များမှာလည်း တစ်သမတ်တည်းမဟုတ်ဘဲ အမျိုးမျိုးအဖုံဖုံဖြစ်နေသည်။

ခုံသမာဓိလူကြီးများ စီရင်သော အမှု (၄) မှုကို သာဓကအဖြစ် ဖော်ပြရသော် - 
ပထမအမှုမှာ မယားစရိတ်တောင်းခံသော အမှုဖြစ်သည်။ ခုံသမာဓိက လူကြီးများက တရားခံအား သင့်လျှော်သည့် အစိုးရဌာနတစ်ခုတွင် အလုပ်လုပ်စေပြီး ရရှိသောလစာမှ အချို့ကို ဇနီးမယားအား ထောက်ပံ့ရန် စီရင်ချက်ချသည်။

ဒုတိယအမှုမှာ ခိုးမှုဖြစ်သည်။ သူခိုးက ခိုးကြောင်းဝန်ခံသည်။ ခုံသမာဓိလူကြီးများက သူခိုးကို အကျဉ်းမချဘဲ အကျယ်ချုပ်ထားကာ ကူလီလုပ်စေပြီး-ခိုးသည့် ပစ္စည်းတန်ဖိုးကျေသည်အထိ ပေးဆပ်စေသည်။

တတိယအမှုတွင် တရားလိုရော တရားခံပါအပြစ်ပေးခံရသည်။ ထိုနှစ်ဦးသည် ဇနီးမောင်နှံများဖြစ်ကြပြီး အသေးအဖွဲ ကိစ္စလေးများအတွက် မကြာခဏခိုက်ရန်ဖြစ်ပွားကာ တရားရုံးကို ဒုက္ခပေးသည်။ ခုံသမာဓိလူကြီးများက လင်နှင့်မယား လျှာနှင့်သွားဥပမာပေး၍လည်းကောင်း လင့်ဝတ္တရားမယားဝတ္တရားနှင့်အညီ သင့်သင့်မြတ်မြတ်နေထိုင်ကြရန်လည်းကောင်း၊ ဆိုဆုံးမလိုက်သည်။ အမှတ်သည်းခြေကင်းမဲ့သည့် ထိုဇနီးမောင်နှံသည် ဒုတိယအကြိမ်တရားရုံးသို့ ရောက်လာပြန်သည်။ ထိုအခါ ခုံသမာဓိလူကြီးများက ပြင်းပြင်းထန်ထန် သတိပေး၍ ပြန်လွှတ်လိုက်သည်။ ဝန်ရှင်တော်မင်းကြီးကသာမက ခုံသမာဓိလူကြီးများကပါ-ထိုဇနီးမောင်နှံကို တရားရုံးတွင် ထပ်မံမမြင်တွေ့လိုတော့ချေ။ တတိယအကြိမ် ထိုဇနီးမောင်နှံ တရားရုံးသို့ရောက်လာပြန်သောအခါတွင်ကား၊ တရားလိုရော တရားခံပါ-မြို့တွင်းလှည့်၍ မောင်းတီးစေသည်။

စတုတ္ထအမှုများတရားလိုက တရားခံဖြစ်သွားသောအမှုဖြစ်သည်။ တရားလိုအမျိုးသမီးက တရားခံအမျိုးသားသည် မိမိအား အလိုမတူဘဲ အဓမ္မသားမယားအဖြစ် ပြုကျင့်ပါသည်ဟု တိုင်ကြားသော အမှုဖြစ်သည်။ ထိုအမှုကို မော်လမြိုင်တစ်မြို့လုံးက "စိတ်ဝင်စားကြသည်" ထိုကြောင့် ခုံသမာဓိလူကြီးများသည် အမှုသွားအမှုလာကို သေချာစွာ လေ့လာဆန်းစစ်ရသည်။ တရားလို တရားခံများ နေထိုင်ရာရပ်ကွက်မှ လူထုကိုလည်း မသိမသာစုံစမ်းမှုများ ပြုလုပ်ရသည်။ ဤသို့ ဘက်ပေါင်းစုံမှ ဟာကွက်မရှိရလေအောင် စစ်ဆေးလိုက်သောအခါ တရားလိုအမျိုးသမီးသည် လော်မာသူတစ်ဦးဖြစ်ပြီး "မိန်းမမာယာသဲကိုးဖျာ" ဟူသော စကားအတိုင်း မာယာအသွယ်သွယ်ဖြင့် တရားခံအမျိုးသားကို မြူဆွယ်ကြောင်း ပေါ်လွင်ထင်ရှားလာသည်။ နောက်ဆုံးတွင် တရားလိုအမျိုးသမီးသည် တရားခံဖြစ်သွားပြီး တရားခံအမျိုးသား ကွင်းလုံးကျွတ်လွတ်သွားသည်။

၁၈၃၃-ခုတွင် ဝန်ရှင်တော်မင်းကြီး "မိန်းဂေး" တာဝန်မှ အငြိမ်းစားယူသွားသောအခါ ခုံသမာဓိအဖွဲ့ဖြင့် တရားစီရင်သော စနစ်ရပ်ဆိုင်းသွားသည်။ 

Leave a Reply