Advertisements

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထွက်တာ သိလိုက်ရချိန်မှာ ငယ်ဘ၀ ပဉ္စမတန်းတုန်းကအဖြစ်တွေကို ကျွန်တော်သွားသတိရတယ်။ အောင်စာရင်းထွက်တဲ့နေ့မှာ မိမိကိုယ်မိမိ သိပ်သေချာနေလို့ အောင်စာရင်းတောင် သွားမကြည့်ခဲ့ပါဘူး။ အောင်စာရင်းကြည့်ပြီးပြန်လာတဲ့ သူငယ်ချင်းက “ဟေ့ကောင် – နင်အောင်တယ်´´ ဆိုပြီး ကျွန်တော့ကို လာပြောတယ်။ ကျွန်တော်က ခေါင်းညိတ်ပြီး ပြုံးပြလိုက်တယ်။ ဒီသတင်းကြောင့် ဝမ်းမသာမိသလို အံ့လည်း မအံ့သြပါ။

သူငယ်ချင်းက ကျွန်တော့်နာမည်ကို အောင်စာရင်းမှာတွေ့ခဲ့ပေမယ့် ကျွန်တော်မအောင်ဘူးဆိုတာ မိမိဘာသာသိနေတယ်။ ဘာကြောင့်လဲဆိုရင် စာမေးပွဲဖြေတုန်းက စာတစ်လုံးမှ ဟုတ်တိပတ်တိ မကျက်ခဲ့ဘဲ စာသွားဖြေတဲ့ ကျွန်တော်ဟာ ဘာမှဖြေလို့မရခဲ့လို့ဘဲ ဖြစ်ပါတယ်။ အောင်စာရင်းမှာ ကျွန်တော့်နာမည် တွေ့ခဲ့တယ်ဆိုတာက အတန်းထဲမှာ အမည်တူ နှစ်ယောက်ရှိခဲ့လို့ပါပဲ။

နှစ်စကတည်းက အတန်းထဲမှာ နာမည်တူနှစ်ယောက်ရှိနေလို့ အတန်းပိုင်ဆရာမဒေါ်ခင်ကြည်က ဟိုတစ်ယောက်ကို သူ့အမည်အတိုင်းထားပြီး ရုပ်ချောတဲ့ ကျွန်တော့်ကို (မှန်တာပြော ချမ်းသာပါစေ) အမည်နဲ့ ရုပ်ရေ ပညတ်သွားရာ ဓာတ်သက်ပါမှ ကျော်ဇောထင်ရှားမယ်ဆိုပြီး ကျွန်တော့်နာမည်အနောက်မှာ အဖေ့အမည် တစ်လုံးထပ်ဖြည့်ပေးတယ်။ ဒါကို ဆရာမနဲ့ ကျွန်တော်ပဲသိနေပြီး ကျောင်းခေါ်စာရင်း (Roll Call) ခေါ်တဲ့အခါမှာတော့ တင်အောင်လို့ပဲခေါ်တဲ့အတွက် တင်အောင်စန်း ဆိုတဲ့ အမည်လှလှလေးကို ပဉ္စမတန်း ပထမနှစ်မှာ တစ်တန်းလုံးမသိကြဘူး။

Advertisements
data-language="en"

ငါးတန်းစာမေးပွဲမအောင်တာ ကျွန်တော့်အတွက် ဘာမှမပြောင်းလဲသွားပေမယ့် ငါးတန်းပထမ တစ်နှစ်လုံး ကျောင်းကားစီးခဲ့ရာက ဒုတိယနှစ်မှာ ကျောင်းဆီခြေလျင်သွားရတာပဲ ထူးခြားသွားပါတယ်။ ဒါကလည်း အိမ်က ကျောင်းကားပေး မစီးတော့တာမဟုတ်ဘဲ တစ်နှစ်ကြီးလာတဲ့ ကျွန်တော်ဟာ မိမိဘာသာ စိတ်ကြီးဝင်ပြီး အဖော်တွေနဲ့ ကျောင်းကို ဟေးလားဝါးလားလုပ်ရင်း လမ်းလျှောက်သွားချင်လို့ပဲ ဖြစ်ပါတယ်။

ပဉ္စမတန်းမအောင်တဲ့ကိစ္စမှာ ပြဿနာက အဖေနဲ့ကျမှ တက်ပါတယ်။ အဖေနဲ့ အမေဟာ ကျွန်တော်စာမေးပွဲမအောင်တာကို အပြစ်မတင်ကြပါဘူး။ အဖေကတော့ “လူဆိုတာ ပါရမီရှိရင် ပညာတတ်မှာပေါ့ကွာ´´ဆိုပြီး အဓိပ္ပာယ် တစ်စုံတစ်ရာကပ်ငြိနေတဲ့စကားနဲ့ ကျွန်တော့်ကို နှစ်သိမ့်ပါတယ်။ ဒီစကားကိုလည်း အဖေ ခဏ ခဏ ပြောပါတယ်။ ဒီစကားကြားတိုင်း ကျွန်တော့်ရင်ဘတ်ထဲ တစ်ဆို့သလို ခံစားရပါတယ်။

ပိုဆိုးတာက အဖေနဲ့ ကျွန်တော် အတူလမ်းသွားရင်း အဖေ့အသိနဲ့ဆုံလို့ နှုတ်ဆက်ကြတဲ့အခါ အသိက “ကိုမောင်စန်းသား ဘယ်နှစ်တန်းရောက်ပြီလဲ´´လု့ိ မေးတိုင်း အဖေက ငါးတန်းမအောင်သေးတဲ့ကလန်ကလား ကျွန်တော့်ကို “ဒီကောင် ၆ တန်း´´ဆိုပြီး ဖြေလိုက်ပါတယ်။ ကျွန်တော်က စာသာကြိုးစားချင်စိတ်မရှိတာ။ လိမ်ပြောတာကိုတော့ လုံးဝမကြိုက်ပါဘူး။ ဒါကြောင့် အဲဒီလို အဖေကြွားပြောလိုက်တိုင်း ကျွန်တော့်ခန္ဓာကိုယ်ဟာ မြေကြီးထဲ နစ်ဝင်သွားသလို ခံစားရပါတယ်။ ဒါပေမဲ့ ဒုတိယနှစ်ငါးတန်းစာမေးပွဲလည်း ကျွန်တော်ကျပါတယ်။ အဖေကတော့ သူ့မိတ်ဆွေတွေမေးလိုက်တိုင်း ကျွန်တော့အဆင့်ဟာ (၆)တန်းကနေ တစ်ပြားမှ မလျော့ပါခင်ဗျာ။

တတိယနှစ် ပဉ္စမတန်းမှာတော့ ကံကောင်းထောက်မလို့လား၊ ဆရာ/ဆရာမတွေ အားနာသွားလို့လားတော့ မပြောတတ်ပါ။ ဟဲ-ဟဲ-ဟဲ ကျွန်တော် စာမေးပွဲအောင်သွားပါတယ်။ ကျွန်တော်ပျော်သွားပါတယ်။ အတန်းတက်ရလို့ ပျော်သွားတာထက် ကျွန်တော့်အတန်းနဲ့ပတ်သက်ပြီး အဖေလိမ်ပြောစရာမလိုတော့ဘူးဆိုတာကို စဉ်းစားမိပြီး ပျော်သွားတာက ပိုပါတယ်။

ကျွန်တော်မျှော်လင့်နေတဲ့နေ့ကို ရောက်လာခဲ့တယ်။ အဖေနဲ့အတူလမ်းလျှောက်လာတုန်း အခါတိုင်းလို အဖေ့သူငယ်ချင်းတစ်ယောက်က နှုတ်ဆက်စကားနဲ့အတူ “ကိုမောင်စန်းသား ဘယ်နှစ်တန်းရှိပြီလဲ´´ဆိုပြီး မေးလိုက်ပါတယ်။ ကျွန်တော်ဟာ အဖေ့နှုတ်က အဖြေစကားကို ငံ့လင့်ရင်း ခြေဖနောင့်ကလေးနည်းနည်းကြွနေပါတယ်။
ဒီအခါမှာ (၆)တန်းရောက်စ ကျွန်တော့်ရဲ့အဆင့်ကို အဖေက “(၇)တန်း´´ ဆိုပြီး ဖြေလိုက်ပြန်ပါလေရောလား ခင်ဗျာ။ ဒီလိုနဲ့ ကျွန်တော်စာမေးပွဲကျလိုက် အဖေကတစ်တန်းပိုပြောလိုက်၊ ကျွန်တော် စာမေးပွဲအောင်လိုက် အဖေက တစ်တန်းပိုပြောလိုက်နဲ့ သံသရာလည်နေရင်း (၇)တန်းစာမေးပွဲ အောင်စာရင်းထွက်လို့ ကျွန်တော် စာမေးပွဲကျ ကြောင်းသိရတဲ့အချိန်မှာ အဖေဟာ ထောင်ထဲရောက်နေခဲ့ပါပြီ။ ကျွန်တော့်ရဲ့ဒီအဖြစ်ဟာကျွန်တော်လေးစား ကြည်ညိုအတုယူခဲ့ရတဲ့စာရေးဆရာကြီးတစ်ဦးရဲ့ငယ်ဘဝနဲ့သွားတူနေပါတယ်။

ဆရာကြီးတို့မိသားစုဟာဖခင်အဝေးကိုရောက်နေတဲ့အချိန်မှာအင်မတန်ဆင်းရဲဒုက္ခရောက်ခဲ့ပါတယ်။ မိခင်ဟာပွဲဈေးလိုက်ပြီးအသုပ်စုံရောင်းရတဲ့ဘဝအထိရောက်ပါတယ်။ ဆရာကြီးကမိခင်ကိုဈေးဝိုင်းရောင်းခဲ့ရပါ တယ်။ သုံးလတာကာလအတွင်းဆရာကြီးဟာထမင်းဆယ်နပ်ပဲ စားခဲ့ရကြောင်းဖော်ပြခဲ့ဖူးပါတယ်။

ကျွန်တော်တို့မိသားစုလည်း အဖေအဝေးရောက်နေချိန်မှာ အလွန်ဒုက္ခရောက်ပါတယ်။ အမေဟာမိ သားစုစားဝတ်နေရေးအတွက်ဆေးပြင်းလိပ်ဆေးရွက်ကြီးတွေကိုလုံးရပါတယ်။ ကျွန်တော်ကဆေးရွက်အကြော တွေကိုဝိုင်းဆုပ်ပေးရင်းဆေးလုံးဝိုင်းလုံးပေးရပါတယ်။ (၇)တန်းကျတဲ့ကျွန်တော်ဟာ အိမ်ရဲ့စီးပွားရေးကိုကူဖို့ ကျောင်းထွက်ပြီးအလုပ်လုပ်ရမယ့်အခြေအနေရောက်နေပါတယ်။ အမေကကျွန်တော်ကျောင်းထွက်မယ်တိုင်ပင် တိုင်းငိုပါတယ်။

ဒီနေရာမှာ ကျွန်တော်စာမေးပွဲကျရခြင်းအကြောင်းကိုတော့ ပြောပြဖို့လိုပါမယ်။ ကျွန်တော်ဟာစာဖတ်ဝါ သနာအလွန်ပါပါတယ်။ တစ်တန်းကျောင်းသားဘဝကတည်းကစာလုံးပေါင်းပြီးဖတ်နေခဲ့ပါပြီ။ အဲဒီလိုစာဖတ်ဝါ သနာကြောင့် (၅)တန်းမှာ အဖွားဆီက ပိုက်ဆံံ(၇၅)ပြားတောင်းပြီးစာကြည့်တိုက်မှူးကို အစ်မကအသင်းဝင်ချင် လို့ပါဆိုပြီးညာပြောကာရပ်ကွက်စာကြည့်တိုက်အသင်းဝင်ခဲ့ရပါတယ်။ အဲဒီစာဖတ်အသင်းကနေပြီး တက္ကသိုလ် ဘုန်း နိုင်၊ ခင်နှင်းယု၊ သခင်မြသန်း၊မောင်သာရ၊ မင်းကျော်၊ သာဓု၊ သုခ၊ ပီမိုးနင်း၊ တက်တိုး၊ မိုးဝေ၊ ဝဇီရာ၊ မြစြင်္ကာစ တဲ့ စာရေးဆရာတွေရဲ့ဝတ္ထုတွေကို တစ်ညတစ်အုပ်နှုန်းနဲ့ဖတ်ခဲ့ပါတယ်။ ကျောင်းစာလုံးဝမဖတ်ဘဲ ရသစာပေတွေချည်းဖတ်ခဲ့လို့ ငယ်ဘဝမှာ ကျွန်တော်စာမေးပွဲအလီလီကျခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုပြောလိုက်တော့ နာမည်ကြီးအဆိုကျော်တစ်ယောက်က ရသစာပေဟာဘာမှအသုံးမကျဘူးလို့ ပြောသလိုဖြစ်နေတဲ့အတွက်ကျွန်တော်လည်းအဆဲခံရမှာသေချာပါတယ်။ဒါပေမယ့် ကျွန်တော်ကသူ့လိုနာမည် ကြီး(cele)မဟုတ်လို့သူ့လောက်တော့ အဆဲခံရမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျွန်တော့်ကိုနည်းနည်းဖြစ် ဖြစ်မဆဲခင်စာကိုဆက်ဖတ်ပေးပါလို့တောင်းပန်ပါရစေ။

ကျွန်တော်ဟာရသစာပေတွေကိုဖတ်ခဲ့လို့အခုလိုစာမေးပွဲအလီလီကျရသလိုအဲဒီရသစာပေတွေကိုဖတ်ခဲ့မိလို့ပဲ ဒုတိယနှစ်(၇)တန်းကနေ တစ်နှစ်မှမကျဘဲသိပ္ပံဘွဲ့တစ်ခုကိုအလွယ်တကူရခဲ့ပါတယ်ဆိုရင်ကြားရသူ တွေအတွက် ထူးဆန်းနေမယ်ထင်ပါတယ်။ မပေါက်တဲ့စပါးလင် နွားဖင်မှာစိုက်တာတောင်အညှောက်ထွက်ဖို့ မလွယ်တဲ့အခြေအနေမှာခွေးဖြစ်မယ့်အကောင်လို့ လူတကာပညတ်နေတဲ့ကြားကနေ ကျွန်တော်ဟာ ငရုတ်ကျည်ပွေ့အတက်ပေါက်ခဲ့ရတာ ရသစာပေကြောင့်သာအမှန်ဖြစ်ပါတယ်။

အဖေကထောင်ကျ၊ ကျွန်တော်က(၇)တန်းမအောင်၊ မိသားစုတွေဒုက္ခပင်လယ်ဝေနေတဲ့အချိန်မှာ ရသစာပေဖတ်ထားတဲ့အရှိန်ကြောင့် ကျွန်တော့်ရင်ထဲမှာကိန်းအောင်းနေတဲ့“သူချင်းစာမှု” (Empathy)ဆိုတဲ့ အရာ ဘွားကနဲပေါ်ထွက်လာပါတယ်။ ရုပ်ရှင်ပြဇာတ်နဲ့ ရသစာပေဝတ္ထုတွေမှာ ဖတ်ရှုရင်းကြည့်ရှုနေရင်းဇာတ် လိုက်ဟာ ပရိသတ်ကိုယ်တိုင် တစ်နည်းအားဖြင့်စာဖတ်သူကိုယ်တိုင်ဖြစ်ဖြစ်သွားလေ့ရှိတဲ့သဘောအတိုင်း ကျွန်တော်ဟာရသစာပေအဖတ်များရာကနေ သူများတကာကိုမြင်လိုက်ရင်မိမိကိုယ်ကိုပဲပြန်ပြန်မြင်နေတတ်တဲ့ အကျင့်ပါနေပါတော့တယ်။ ဒီတော့ဘာဖြစ်လာသလဲဆိုရင်ဆေးလုံးလုံးနေတဲ့အမေ့ကိုမြင်ရင်၊ ဆန်ပြုတ်ရောင်း နေတဲ့အမေ့ကိုမြင်ရင်၊ အမေဟာကျွန်တော်ကိုယ်တိုင်ဖြစ်နေသလိုလို၊ ထောင်ဝင်စာသွားတွေ့လို့အဖေ့ကိုမြင်တဲ့အခါ အဖေဟာကျွန်တော်ကိုယ်တိုင်ပဲဖြစ်နေသလိုလိုကျွန်တော့်နှလုံး သားမှာ အရိပ်ထင်နေပါတော့တယ်။

အဲဒီမှာ (empathy)လို့ခေါ်တဲ့သူချင်းစာမှုဆိုတာပေါ်လာတာပဲဖြစ်မယ်ထင်ပါတယ်။ (ဒီနေရာမှာ ကျွန်တော်သုံးနှုန်းလိုက်တဲ့ “သူချင်းစာမှု”ဆိုတာ ကိုယ်ချင်းစာမှုနဲ့နည်းနည်းကွာပါတယ်။ကိုယ်ချင်းစာတယ်ဆို တာမိမိခံစားချက်အတိုင်းသူ့နေရာမှာ ဝင်ခံစားတာဖြစ်ပြီးသူချင်းစာတယ်ဆိုတာကတော့ သူ့ခံစားချက်အတိုင်း သူ့နေရာမှာမိမိဝင်ပြီးခံစားတာဖြစ်ပါတယ်။)ကျွန်တော်ဟာအဖေနဲ့အမေကိုစာနာသနားမိသွားပါတယ်။ ဒီတော့ အမေ့ကိုလည်းအကူအညီမပျက်စေဘဲ အမေဖြစ်ဈေင်တဲ့ ကျောင်းဆက်တက်ဖို့ကို ကျွန်တော်ကတိပေးလိုက်ပါတယ်။ အဲဒါအပြင် သူ့သားရဲ့ပညာရေးကို အမြဲတစေ ဂုဏ်ယူဝင့်ကြွားချင်တဲ့ အဖေရဲ့ခံစားချက်ကိုလည်းစာနာမိပြီး စာကြိုးစားဖို့ကို ကျွန်တော်သန္နိဌာန်ချလိုက်ပါတော့တယ်။ (အမှန်မှာ အဖေဟာ ကျွန်တော့်ရဲ့ အတန်းကို ကြွားချင်တာထက် ကျွန်တော်မခံချင်အောင်ဆွရင်း ကျွန်တော်ရဲ့ စိတ်ဓာတ်ကို ဇိကုပ်ပြီးနတ်ပြည်ဆွဲတင်နေတာပဲ ဖြစ်ပါတယ်။)

ကျွန်တော်အနေနဲ့ ကံကောင်းချင်တော့ (၇)တန်း ဒုတိယနှစ်မှာ အိမ်ထောင်ကျနေပြီးဖြစ်တဲ့ အစ်မနဲ့ ယောက်ဖက မော်လမြိုင်မြို့ရဲ့ နာမည်ကြီး အောင်သိပ္ပံအလွတ်ပညာသင်အထက်တန်းကျောင်းမှာ အပ်နှံပေးပြန်တယ်။ အဲဒီအချိန်မှာ မိမိကိုယ်ကို သူငယ်ချင်းတွေနဲ့ပြောဆိုဆက်ဆံမှုတွေမှာ ထူးခြားနေတာကို သတိထားမိလိုက်တယ်။ ဘယ်လိုလဲဆိုရင် ကျွန်တော့်ထက်ငယ်ငယ်ကြီးကြီး သူငယ်ချင်းအားလုံးနဲ့စကားပြောတဲ့အခါ “နင်´´ နဲ့ “ငါ´´ဆိုတဲ့ နာမ်စားကို ပြောမထွက်တော့ဘဲ “ခင်ဗျာ´´၊ “ကျွန်တော်´´ဆိုပြီးတော့ပဲ ပြောဆိုနေဖြစ်ပါတော့တယ်။ အပြုအမူတွေလည်း သိမ်မွေ့လာပါတယ်။ ဒါကြောင့်ထင်ပါတယ်။ ကျွန်တော့်ရဲ့မျက်နှာမြင်ချစ်ခင်၊ အသံကြားသနားဆိုတဲ့ ကုသိုလ်နဲ့ ပညာသင်ထောက်ပံ့ကြေးရရှိပြီး မော်လမြိုင်ကောလိပ်ကနေ သိပ္ပဘွဲ့တစ်ခုကို လွယ်လွယ်ကူကူရရှိခဲ့ပါတယ်။

ဒီအဖြစ်တွေကြောင့် နောက်ပိုင်းမှသိလာရတာက လူအချို့ဟာ အသိကနေပြီး မကောင်းဘူးကောင်းတယ်ဆိုတာ သိနေရုံနဲ့ မလုံလောက်ဘူးဆိုတဲ့အချက်ပါပဲ။ စာကြိုးစားရင် စာမေးပွဲအောင်မယ်ဆိုတာ ကျောင်းသားတိုင်းသိကြပါတယ်။ ဒါပေမယ့် ကျွန်တော်အပါအဝင် အချို့ကျောင်းသားတွေ စာမကြိုးစားတဲ့အတွက် စာမေးပွဲကျကြပါတယ်။ ဒီလိုကျောင်းသားတွေဟာ ရိုးရိုးသိနေရုံနဲ့တွင် မလုံလောက်တာကို တွေ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်ရဲ့ အတွေ့အကြုံအရ စာနာခံစားနားလည် သိဆိုတာလည်း လိုအပ်နေပါတယ်။ အဲဒီစာမှာ ခံစားနားလည်သိကို ဘယ်လို ရရှိနိုင်မလဲဆိုတာကိုတော့ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က အဖြေပေးထားပါတယ်။

“သုတစာပေ စကားပြေဆိုတာ ဦးနှောက်ကိုစကားပြောတာဖြစ်တယ်။ ကဗျာပုံပြင်စတဲ့ ရသစာပေဆိုတာက နှလုံးသားကိုစကားပြောတာဖြစ်တယ်။ ဦးနှောက်ကသိတဲ့ အဓိပ္ပာယ်ကို နှလုံးသားက နားမလည်ဘူး။ နှလုံးသားက သိတဲ့အဓိပ္ပာယ်ကို ဦးနှောက်က နားမလည်ဘူး´´ဆိုပြီး ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်က ပြောခဲ့ဖူးပါတယ်။ ခံစားတယ်ဆိုတာ နှလုံးသားနဲ့ခံစားရကြောင်း လူတိုင်းသိကြပါတယ်။ ဒါ့ကြောင့် ခံစားသိရှိရဖို့အတွက် နှလုံးသားကို ကဗျာ၊ ပုံပြင်၊ ရသစာပေတွေနဲ့ စကားပြောရမှာဖြစ်ပ ါတယ်။

ဒီစာသားတွေကို ကောက်နုတ်ပြီး ကျွန်တော်ပြောချင်တာကတော့ ဆယ်တန်းအောင်စာရင်း ထွက်တဲ့နေ့ရဲ့ အခြေအနေကို ဦးတည်ချင်ပါတယ်။ အောင်စာရင်းထွက်တဲ့အခါ စာမေးပွဲအောင်သူတွေရှိသလို အောင်သူတွေထဲမှာ ဂုဏ်ထူးအနည်းအများ ရရှိသူတွေပါပါမယ်။ ကျရှုံးသူတွေလည်းရှိပါမယ်။ အထူးပြောချင် တာကတော့ ဂုဏ်ထူးနည်းလို့ စာမေးပွဲကျလို့ဆိုပြီး သားသမီးတွေကို အပြစ်မတင်မိ၊ မဆူမိဖို့အလွန်အရေးကြီး ကြောင်း မိဘတွေကိုပြောချင်ပါတယ်။ ဆုံးရှုံးခြင်းကို အောင်မြင်မှုရဲ့ လှေကားတစ်ထစ်အဖြစ် သဘောပိုက် နိုင်အောင် သားသမီးတွေကို အားပေးနှစ်သိမ့်နိုင်မည် ဆိုရင် သင်းတို့တွေ အောင်မြင်မှု လှေခါးထစ်ပေါင်း မြောက်မြားစွာကို အလွယ်တကူတက်လှမ်းနိုင်ပါမယ်။

နောက်တစ်ချက်က ကျွန်တော်စာမေးပွဲအောင်မြင်တာဟာ ဦးနှောက်ရဲ့အသိတရားကြောင့်ချည်း မဟုတ်ဘဲ နှလုံးသားကို သဘောပေါက်အောင် ပြောပြနိုင်တဲ့ ရသစာပေကြောင့်လည်းဖြစ်တယ်ဆိုတာ မိဘတွေနဲ့ ကျောင်းသူကျောင်းသားတွေကို သိစေချင်ပါတယ်။ ဒါပေမဲ့လည်း ငယ်ရွယ်စဉ်မှာ ကျွန်တော့်လို အစွန်းရောက်ပြီး အချိန်တွေမကုန်သွားရလေအောင် ရသစာပေဝတ္ထုတွေချည်းမဖတ်ဘဲ ကဗျာ၊ ပုံပြင်တွေကို ဖတ်ရှုနားထောင်သွားမယ်ဆိုရင်လည်း ကျောင်းသူကျောင်းသားတွေအတွက် ရိုးသားနိုးကြား ကြိုးစားချင်စိတ် ဖြစ်ပေါ်ဖို့ လုံလောက်ပါလိမ့်မယ်။

ကဗျာ၊ ပုံပြင်ကောင်းတွေကို ကိုယ်တိုင်ဖတ်ရှုပါ။ မိဘ၊ ဆရာတို့ ပြောပြတဲ့ ကဗျာပုံပြင်တွေကို ဆုံးမလွယ်စွာနာခံရင်း စာကြိုးစားသွားရင် သားတို့သမီးတို့အနေနဲ့ ရိုးသားလိမ္မာပြီး စာမေးပွဲအောင်မယ် ထင်သူက သေချာပေါက် စာမေးပွဲအောင်မှာဖြစ်ပြီး ဂုဏ်ထူးများစွာရမယ်ထင်သူကလည်း သေချာပေါက် ဂုဏ်ထူးများစွာရရှိပါလိမ့်မယ်။

Written by တင်အောင်စန်း (မော်လမြိုင်)

Leave a Reply