သတင်းနှင့် မီဒီယာ ကွန်ရက်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၉ ရက်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့က ယမန်နေ့ညက သေနတ်ဖြင့်ပစ်ခံရသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှ ဝန်ထမ်းအား တပ်မတော်က အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု မိသားစုဝင်များနှင့် ဒေသခံများက ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက “စစ်တွေဆေးရုံရောက်လို့ ကျနော်တို့သွားကြည့်တဲ့အခါကြတော့ သူ့ကို တပ်မတော်ကနေ အမှုဖွင့်ထားတယ်ဆိုတာ သိရတာပေါ့နော်။ အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားတာတဲ့။ အခုမှ ဖွင့်လိုက်တာပါ။ အစပိုင်းတော့ မီဒီယာတွေကမေးတော့လည်း တပ်မတော်ကအကြောင်းမပြန်ဘူး ဘာညာပဲ ပြောတာ။ ဒါပေမယ့် သူတို့က ပစ်ခံရတဲ့တစ်ယောက်က INGO ကမှန်းလည်းသိရော သူတို့အနေနဲ့ တစ်ခုခု လွန်သွားတာမျိုး ဖြစ်မှာကြောက်တဲ့အတွက်ကြောင့် ကြိုတင်ပြီးမှ အမှုဖွင့် လက်ဦးယူတာလို့ပဲ ထင်တယ်။ အခုဆေးရုံမှာလည်း ရဲလုံခြုံရေး အစောင့်တွေနဲ့ ဆေးကုသမှု ခံယူနေ ရတာပါ” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခံရသူမှာ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို အဓိက လုပ်ကိုင်နေသော နိုင်ငံတကာ အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် PLAN Inernational တွင် အလုပ် လုပ်ကိုင်နေသည့် အသက် (၂၅) နှစ် အရွယ်ရှိသူ ကိုရဲလင်းနိုင် ဖြစ်သည်။

ကိုရဲလင်းနိုင် အပစ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်တစ်ဦးက “သူတို့က မနေ့ညက (၇) နာရီခွဲ (၈) နာရီလောက်မှာပေါ့လေ ဆိုင်ကယ်နဲ့ သွားတဲ့အချိန်မှ စစ်တပ်ကနေပြီးတော့ ဘုန်းကြီးကျောင်းနှစ်ကျောင်းကို ဝင်ရောက်ပြီးမှ စစ်ဆေးနေတဲ့အချိန်နဲ့ ကြုံတာပေါ့လေ။ အဲ့ချိန်မှာ သူတို့ကလည်း ဆိုင်ကယ်ဖြတ်သွားခိုက်နဲ့ ကြုံတာပေါ့။ တပ်က အဲ့မှာ ဆိုင်ကယ်ရပ်ခိုင်းတာ၊ ဆိုင်ကယ်အရှိန်နဲ့ အသံနဲ့ဆိုတော့ မကြားဘူးပေါ့ဗျာ။ မကြားတော့ တပ်က အထင်မှားပြီး သေနတ်နဲ့ပစ်လိုက်တာပေါ့” ဟု ပြောသည်။

ပစ်ခတ်သူများမှာ တပ်မတော်က ဖြစ်ကြောင်း၊ အပစ်ခံရသည့် ဒဏ်ရာသည် စိုးရိမ်ရသည့်အတွက် ဇူလိုင်လ ၂၉ ရက် (ယနေ့) နံနက်ပိုင်းက စစ်တွေဆေးရုံကြီးသို့ ပို့လိုက်ရသည်ဟု အဆိုပါ မိသားစုဝင် က ဆက် ပြော သည်။

“ပစ်လိုက်တော့ မနေ့ညက မြောက်ဦးဆေးရုံကို တင်တယ်။ ဘယ်ဘက်ရင်အုံကနေ နောက်ကျောကို ပေါက် သွားတယ်။ ဒဏ်ရာက ပြင်းတဲ့အတွက် မြောက်ဦးကနေ စစ်တွေဆေးရုံကို ဒီနေ့ မနက်ပြန်တင်လိုက်ရတာ။ ပစ်တာ ကလည်း အဲ့ဒီ ဘုန်းကြီးကျောင်းမှာ ဝင်စစ်နေတဲ့ စစ်သားတွေထဲကပဲ ပစ်လိုက်တာလို့ ပြောတယ်။ သူတို့က လည်းပစ်သေးတယ်။ အပစ်ခံရတဲ့လူက တရားလည်းထပ်ပြီးစွဲခံရတယ်။ အခုဆို ဆေးရုံမှာလည်း ရဲတွေရောက်နေတယ်။ ဒါမျိုးက မဖြစ်သင့်ဘူးလေ။ ကာဖြူးထုတ်ထားတဲ့အချိန်လည်း မဟုတ်သေးဘူး။ ၈ နာရီလောက်မှာ ဖြစ်တာဆိုတော့။”

မိသားစုဝင်များအနေဖြင့် ကိုရဲလင်းနိုင်အား ယခုကဲ့သို့ ပစ်ခတ်ခံရပြီး အမှုဖွင့်ခံထားရခြင်းသည် တရားမျှတမှု မရှိကြောင်း၊ မည့်သည့်အကြောင်းကြောင့် အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့်ခံခြင်းဖြစ်သည်ကိုလည်း မသိရှိရသေးကြောင်း ပြောသည်။

စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူရာတွင်လည်း လုံခြုံရေး ရဲဝန်ထမ်းများ အစောင့်အနေဖြင့် လာစောင့်နေ သည့်အတွက် စိတ်အနှောက်အယှက်ဖြစ်ရသည်ဟု မိသားစုဝင်များက ပြောသည်။ထို့အပြင် ကိုရဲလင်းနိုင်သည် သာမန် INGO ဝန်ထမ်းတစ်ဦးသာဖြစ်ပြီး အကြမ်းဖက်မှုများနှင့် ပတ်သက်မှု မရှိ နိုင်ဘူးဟုလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ကိုဇော်ဇော်ထွန်း က ပြောသည်။

“သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေပြောပြချက်အရ သူက အကြမ်းဖက်ဆိုတာမျိုး လုံးဝ မဖြစ်နိုင်ဘူးတဲ့၊ ကျနော်တို့ရုံးမှာလည်း သူ့သူငယ်ချင်းတွေရှိပါတယ်။ အခုပစ်ခံရတဲ့တစ်ယောက်က INGO မှာ အလုပ်လုပ်နေတာလည်း အတော်လေးကို အေးဆေးပြီး ဘယ်လိုကိစ္စမျိုးတွေမှာမှ ပါဝင်ပတ်သက်တာမျိုးမရှိတဲ့ လူငယ်တစ်ယောက်လို့ သိရပါတယ်။ မိသားစုဝင်တွေကလည်း စိတ်မကောင်းကြဘူး။ အခုက အရမ်းစိုးရိမ်နေ ကြတာပါ။ ပစ်ခတ်ခံရတယ်၊ တရားပါစွဲခံရတယ်ဆိုတော့။”

ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသကဲ့သို့ အကြောင်းစုံကို သိရှိနိုင်ရန် တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

သို့သော်လည်း ပစ်ခတ်ခံရသူ ကိုရဲလင်းနိုင်မှာ တပ်မတော်က ဆိုင်ကယ်ရပ်ခိုင်းခဲ့ရာ မရပ်ဘဲ ထွက်ပြေးသော ကြောင့် ခြောက်လန့်ပစ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ကျည်ဆံထိမှန်သွားစဉ် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဆိုင်ကယ်ကို စစ်ဆေးရာ လက်ပစ်ဗုံးတစ်လုံးတွေ့ သည်ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ရခိုင် ပြည်နယ်အခြေစိုက် သတင်းဌာန တစ်ခုဖြစ်သည့် Development Media Group သတင်းဌာနမှ မေးမြန်းရာ တွင် ဖြေဆိုထားသည်။

ထို့အပြင် ၎င်း၏ကွန်ပြူတာထဲတွင် AA နှင့် ပတ်သက်သည့် သတင်းများ ပါဝင်နေကြောင်း၊ ထို့ကြောင့် အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောဆိုထားသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် (၉) မြို့နယ်တို့အတွင်း အင်တာနက်လိုင်းများ ဖြတ်တောက်ခံရ ပြီးနောက် ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ပိုမိုများပြားလာနေသည်ဟု ဒေသတွင်းက အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ “အင်တာနက် ဖြတ်တောက်ခံရပြီး နောက်ပိုင်းမှာ အခုလိုပဲ တပ်ကနေပြီးတော့မှပေ့ါနော် အကြမ်းပတန်းလုပ်တဲ့ ကိစ္စတွေက အရမ်းကို များလာ တယ်ပေါ့။ ဒီရက်ပိုင်းထဲမှာကိုပဲ ပစ်ခတ်မှုက နှစ်ယောက်တောင်ရှိပြီ။ အစောပိုင်း တစ်ယောက်လည်း ဆုံးသွား ပြီ၊ အခုဒီတစ်ယောက်လည်း ဒဏ်ရာ အရမ်းပြင်းထန်တယ်၊ ဆိုတော့ ကျနော်တို့ ပြောချင်တာက တပ်က အရမ်း ကို လျှောက်လုပ်နေတဲ့အနေအထား၊ အစိုးရကလည်း ဘာမှမလုပ်ဘူး။ နိုင်ငံတ ကာကလည်း ပြောတာလောက် ပဲလေ၊ ထိရောက်တဲ့ ဖိအားပေးတာမျိုးတွေ မရှိဘူး။ ဆိုတော့ တပ်မတော်က လုပ်ချင်သလိုလုပ်နေတာပေါ့” ဟု ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် အတွင်းက တောင်မြင့်ကျေးရွာမှ အသက် (၂၂) အရွယ် မောင်ဘိုသန်းထွန်းဆိုသူမှာလည်း တပ်မတောက ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ဆံထိမှန်ကာ ပစ်ခတ်ခံရပြီး နောက်တစ်ရက်တွင် သေဆုံးသွားခဲ့သည်။

၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်အတွင်းက စစ်ရေးပဋိပက္ခများကြား ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင် အရပ်သားပြည်သူ အနည်းဆုံး ၆၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၆၀ ကျော်ပြီဟု ရခိုင်တိုင်းရင်း သားမျိုးနွယ်များ အစည်းအရုံး၏ စာရင်းများအရ သိရသည်။

Leave a Reply