မော်လမြိုင်၊ မတ် ၇ ။ ။ ရေးမြို့နယ်၊ ခေါဇာမြို့၊ မကျည်းချောင်းဝကျေးရွာမှ ရွာသားနှစ်ဦးကို မွန်ဓားပြအဖွဲ့နှင့် မှားယွင်း၍ သေနတ်ဖြင့် ပစ်ခတ်လိုက်သဖြင့် ရွာသားနှစ်ဦး သေဆုံးခဲ့ခြင်းအပေါ် တပ်မတော် ခလရ (၂၈ဝ) တပ်ရင်းမှ ဗိုလ်ကြီး ဇော်မျိုးထက်ကို စစ်တရားရုံးချုပ်မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ရွာသားနှစ်ဦးကို ပစ်သတ်မှုဖြင့် ဗိုလ်ကြီး ဇော်မျိုးထက်ကို အမိန့် ချမှတ်လိုက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက် အကြောင်းကြားစာကို လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့က ၂ဝ၁၇ ခုနှစ် မတ် ၆ ရက်၌ တရားဝင် အကြောင်းကြားစာ လက်ခံရရှိခဲ့ကြောင်း ယင်းအဖွဲ့မှ ဒါရိုက်တာ ဦးဂျင်မီထံမှ သိရသည်။

ဗိုလ်ကြီး ဇော်မျိုးထက်ကို ၂ဝ၁၆ ခုနှစ် မေ ၁၉ ရက်က စစ်တရားရုံးချုပ်မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချခဲ့ပြီး ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၆ ရက်က မြိတ်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

“စစ်တပ်က အရာရှိ တစ်ယောက်အနေနဲ့ဆို ရာထူးလည်းပြုတ်၊ ထောင်လည်း သုံးနှစ်ဆိုတော့ ဒီအမှုက နည်းနည်းတော့ လက်ခံနိုင်တဲ့ သဘောမျိုးပေါ့နော်။ ထောင်ကနေ လွတ်လာရင်လည်း သူက စစ်တပ်ထဲမှာ လုံးဝ တာဝန်ထမ်းဆောင်ခွင့် မရှိတော့ဘူး”ဟု ဦးဂျင်မီက ပြောပြသည်။

သို့သော်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်စဉ်တွင် ကာယကံရှင် မိသားစုများနှင့် အမှုမှန် ပေါ်ရန် ဆောင်ရွက်နေသည့် လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့ထံ အကြောင်းကြားမှု မရှိဘဲ အမိန့်ချလိုက်သည့်အပေါ် ပွင့်လင်းမြင်သာမှု မရှိကြောင်းလည်း ဦးဂျင်မီက သုံးသပ်ပြောဆိုသည်။

“လူနှစ်ယောက်အတွက် ထောင်ဒဏ် ၃ နှစ်ဆိုတော့ ပြစ်ဒဏ်က နည်းတာပေါ့။ အကယ်၍ ထောင်ဒဏ် ၃ နှစ်ပဲ ချမယ်ဆိုရင် ကျွန်တော်တို့ ညီအကိုတွေရဲ့ သဘောဆန္ဒကိုမေးပြီး လုပ်သင့်တာ ဆက်လုပ်မယ်”ဟု သေနတ်နှင့် ပစ်သတ်ခံရသော ရွာသားနှစ်ဦး၏ ဦးလေးတော်စပ်သူ ဦးဘရီက ပြောဆိုသည်။

မကျည်းချောင်းဝ ရွာသားနှစ်ဦးသည် ၂ဝ၁၆ ခုနှစ် မတ် ၈ ရက် ည ၁၂ နာရီက ပင်လယ်ပြင်ငါးဖမ်းရန် နေအိမ်မှ ထွက်စဉ် ရွာလယ်လမ်းမတွင် ခလရ ၂၈ဝ တပ်ရင်းမှ လှုပ်ရှားအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ဗိုလ်ကြီး ဇော်မျိုးထက်က ခေါဇာမြို့အတွင်း အဝင်အထွက်ရှိသည့် မွန်ဓားပြအဖွဲ့နှင့် မှားယွင်း၍ သေနတ်ဖြင့် ပစ်ခက်ခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

written by – ရောင်နီဝင်း

Leave a Reply