သံဖြူဇရပ်မြို့နယ်၊ ကျောင်းရွာကျေးရွာတွင် ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၅ နာရီကအရက်မူးနေသောအသက် ၇၀ အရွယ် အမျိုးသားဦးပီး (ခ) ဦးရာမွန်သည် ၎င်းနေအိမ်အပေါ်မှ အိမ်ရှေ့လမ်းမပေါ်သို့ သေနတ် ပစ်ခတ်မှုကြောင့် ကိုးနှစ်အရွယ် ကျောင်းသူတစ်ဦးကိုကျည်ဆန်ထိမှန်ခဲ့ကြောင်းသံဖြူဇရပ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကဟင်္သာမီဒီယာသို့ ပြောကြားသည်။

logo-copy

ကလေးငယ်သည် ဦးပီးနေအိမ်ခေါင်းရင်းတွင် ဈေးသွားဝယ်စဉ် ဦးပီးပစ်ခတ်လိုက်သောသေနတ်ကျည်ဆန်မှာကလေးငယ်၏ ညာဘက်ပခုံးနောက်ကျောမှ ဖောက်ဝင်သွားသဖြင့် ယင်းနေရာတွင် ကလေးငယ်မှာလဲကျသွားခဲ့ကြောင်းအဆိုပါရဲစခန်းမှတ်တမ်းအရသိရသည်။

သေနတ်ထိမှန်ခဲ့သောကလေးငယ်မှာတတိယတန်းကျောင်းသူမသဇင်ဖြိုးဖြစ်ပြီးသေနတ်ဒဏ်ရာကြောင့် မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးသို့တင်ပို့ထားပြီးနောက် ဇူလိုင်လ ၁၄ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်းသက်ဆိုင်ရာအဖွဲ့ထံမှသိရသည်။

ဦးပီးသည် ကျေးရွာထဲတွင် သေနတ်သုံးချက်ပစ်ခတ်ခဲ့ပြီး ၎င်းထံမှ ပွိုင့် ၂၂ အမျိုးအစားကိုးလုံးကျည် ဆုံလည်သေနတ် တစ်လက်၊ ကျည်ခြောက်ထောင့်၊ ကျည်ခွံသုံးခုနှင့် သေနတ်ထည့်အိတ် တစ်ခုတို့ သံဖြူဇရပ် ရဲတပ်ဖွဲ့ကသိမ်းဆည်းရမိခဲ့ကြောင်းယင်းမှတ်တမ်းအရသိရသည်။

သေနတ်ပစ်ခတ်မှုဖြစ်၍ ဦးပီးကိုစစ်ဆေးမှုပြုလုပ်ခဲ့ရာ ၎င်းကိုင်ဆောင်ထားနေသောသေနတ်နှင့် ဆက်စပ် ပစ္စည်းများမှာလွန်ခဲ့သော နှစ်နှစ်ခန့်က ၎င်းနှင့်ခင်မင်ရင်းနှီးသူကျောင်းရွာလက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရေးတပ်ဖွဲ့ (KYKP) မှ ဒုအဖွဲ့ခေါင်းဆောင်ထံမှ ဝယ်ယူထားသောပစ္စည်းများဖြစ်သည်ဟုရဲစခန်းမှတ်တမ်းအရသိရသည်။

တရားမဝင် လက်နက်ခဲယမ်းများကိုင်ဆောင်အသုံးပြုခဲ့သူဦးပီးကိုသံဖြူဇရပ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၇၊ လက်နက် ဥပဒေပုဒ်မ ၁၉ (စ) တို့ဖြင့် အရေးယူထားကြောင်းယင်းရဲစခန်းတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Leave a Reply