Advertisements

မော်လမြိုင်၊ ဧပြီ ၃၀

မွန်ပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သောက်သုံးနေသော သောက်ရေသန့်များသည် သန့်ရှင်းမှုမရှိဟု သံသယဖြစ်ပါက FDA သို့ အချိန်မရွေး တိုင်ကြားနိုင်ကြောင်း ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) လက်ထောက်ညွန်ကြားရေးမှူး ဦးစိုးနိုင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ကျွန်တော်တို့လဲ လုပ်ငန်းအကုန်လုံးကို လစဉ် မစစ်ဆေးပေးနိုင်တဲ့အတွက် ပြည်သူူတွေအနေနဲ့ စိတ်ထဲမှာ သံသယရှိလာခဲ့မယ်ဆိုရင် သတင်းပေးလို့ရပါတယ်၊ ကျွန်တော်တို့ကိုယ်တိုင် ရေနမူနာ ယူပြီးတော့ စစ်ဆေးပေးပါမယ့်”ဟု ၎င်းက ပြောသည်။

Advertisements
data-language="en"

ပြည်သူများအနေဖြင့် သတင်းပေးခြင်း၊ တိုင်ကြားခြင်းများရှိလာပါက ရှောင်တစ်ခင်စစ်ဆေးမှုများကို မကြာခဏပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာ စိုးနိုင်က ပြောသည်။

သောက်ရေသန့် လုပ်ငန်းတစ်ခုကို လုပ်ကိုင်ခွင့် သက်တမ်း(၂)နှစ်သတ်မှတ်ထားပြီး သတ်မှတ်ကာလအတွင်း ရေနမူနာ သက်တမ်းတိုးဆောင်ရွက်ရာတွင် သန့်ရှင်းမှု ရှိ မရှိသာ စစ်ဆေးပေးနိုင်သည့်အတွက် ပြည်သူများအနေဖြင့် သန့်ရှင်းမှု မရှိသော သောက်ရေသန့်များကို တိုင်ကြားရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

“တစ်ခါတစ်လေ သောက်ရေဗူးတွေမှာ ရေညှိတွေတွေ့တယ်၊ အသစ်ပြန်လဲသင့်တာပေါ့နော်၊ အခုဆို FDAဌာနကို သံသယဖြစ်တာနဲ့ တိုင်ကြားလို့ရတယ်ဆိုတော့ ကောင်းတာပေါ့၊ တိုင်ရင်လည်း သေချာလည်း စစ်ဆေးပေးဖို့လိုပါတယ်”ဟု မော်လမြိုင် သီရီမင်္ဂလာရပ်ကွက်တွင် နေထိုင်သူ ဒေါ်လဲ့ယမင်းက ဆိုသည်။

ထို့အပြင် FDA အနေဖြင့် သောက်ရေသန့်အပြင် ရေဗူးများကိုလည်း သန့်ရှင်းမှုနှင့် အဆင့်မီစေရန် လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။

မွန်ပြည်နယ်တွင် သောက်ရေသန့် ထုတ်လုပ် ရောင်းချနေသည့် လုပ်ငန်းပေါင်း ၆၀ ကျော်ရှိနေသည်။

Written by ထိုက်ထိုက်

Leave a Reply