မော်လမြိုင်၊ သြဂုတ်

တောင်ပြိုမှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် သဲဖြူကုန်းကျေးရွာတွင်မွန်ပြည်နယ်ဒေသအသီးသီး က  သံဃာတော်များ ဦးဆောင်ပြီး ကွယ်လွန်ခဲ့သူများအတွက် မေတ္တာပို့သခြင်းနှင့် အကျွတ်အလွတ်ပွဲ ကျင်းပခဲ့ကြသည်။

တောင်ပြိုကျမှုဖြစ်ပွားခဲ့ခြင်းကြောင့် နေအိမ်များပျက်စီးခဲ့ပြီး လူပေါင်း  ၇၀ ကျော် သေဆုံးခဲ့သည့်နေရာတွင် သြဂုတ်လ ၂၂ ရက်နေ့ ည ၁၂ နာရီ မတိုင်မီက အကျွတ်အလွတ်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

“သက်မဲ့တွေ တော်လှန်ပုန်ကန်တဲ့ အခြေအနေတွေရောက်လာပြီ သက်ရှိရဲ့ လောဘဒေါသတွေကြောင့် သက်မဲ့တွေ စကားပြောလာကြပြီ  မိမိတို့ သက်ရှိတွေက သတိဝိရိယရှိစွာနဲ့ ဒီသက်မဲ့တွေရဲ့ တော်လှန်ပုန်ကန်တာတွေကို ကာကွယ်ရမယ် ကြိုတင်ပြီးတော့ ပြင်ဆင်မှုစနစ်တွေ ဆောင်ရွက်ရမယ်အားလုံးကလည်း သဘာဝဘေး
အန္တရာယ်တွေကို ကာကွယ်ခြင်းပြင်ဆင်ခြင်း နည်းလမ်းတွေ ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဦးပဏ္ဍိတက မိန့်သည်။

သေဆုံးသူများကအိပ်မက်ပေးခြင်းကြောင့် ထိုသို့ မေတ္တာပို့သကာ အကျွတ်အလွတ် ပွဲပြုလုပ်ခြင်းဖြစ်ကြောင်း ဆရာတော်ဦးပဏ္ဍိတက မိန့်သည်။

“ဆရာတော်တို့က ဆရာတော်တို့ ဘာသာတရားအတိုင်းပဲအမျှပေးဝေရေစက်ချတာတွေလုပ်မယ်။ သူတို့ ဆရာတော်တိုကိုတောင်းဆိုတဲ့အတိုင်း ဆရာတော်ပြုလုပ်ပေးမယ်၊ ဆရာတော်တို့ရဲ့ ဘာသာနည်းနဲ့ပဲ ဆောင်ရွက်ပေးမှပေါ့။ သတ္တဝါတွေအပေါ်မှာမေတ္တာထားပြီးတော့”ဟု ဦးဆောင်ပြုလုပ်သူ ဦးပဏ္ဍိတက မိန့်သည်။

သြဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းက ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲပြားကုန်းကျေးရွာတွင် မလတ်တောင်ပြိုကျမှုကြောင့် လူများပိတ်မိသေဆုံးခဲ့ရပြီး ယနေ့ လက်ရှိအချိန်ထိ သေဆုံးသူပေါင်း ၇၀ကျော်ရှိပြီဖြစ်ကြောင်းအစိုးရထုတ်ပြန်သောစာရင်းများအရသိရှိရသည်။

ရန်လင်းအောင်

Leave a Reply