သံဃာတော်များဖြစ်ကြသည့် ရဟန်းနှင့် သာမဏေများ လူမှုရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန်နှင့် တရားဥပဒေနှင့် ဆန့်ကျင်သော အကြမ်းဖက်မှုများကို မပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း မွန်ပြည်နယ် မော်လမြိုင်မြို့၊ မြို့နယ်သံဃမဟာနာယကအဖွဲ့ထံမှ သိရသည်။

ယင်းသို့ လူမႈရေးကိစ္စများတွင် ပါဝင်မဆောင်ရွက်ရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်အရ ထပ်ဆင့်ညွှန်ကြားထားခြင်းဖြစ်ပြီး မော်လမြိုင်မြို့အတွင်းရှိ ကျောင်းတိုက် ၃၁၄ ခုကို လျှောက်တင်ထားကြောင်း မော်လမြိုင်မြို့ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဉာဏုတ္တရ က မိန့်ကြားသည်။

logo-copy

“ရဟန်းအလုပ်က စာပေကျမ်းဂန်သင်ကြားပို့ချဖို့၊ တရားဘာဝနာအားထုတ်ဖို့ လူမှုရေးကိစ္စတွေ မလုပ်သင့်ဘူး။ လူမှုရေးကိစ္စတွေပါလာရင် ရှုပ်လာမယ်”ဟု ဆရာတော် ဘဒ္ဒန္တဉာဏုတ္တရ က မိန့်ဆိုသည်။

ထို့ပြင် ဥပဒေနှင့် ဆန့်ကျင်သည့် အကြမ်းဖက်ကိစ္စရပ်များတွင်မပါဝင်ရဆိုသည်ကို လက်ခံပြီး ဥပဒေနှင့် ဆန့်ကျင်သောကိစ္စများတွင် သံဃာများဝင်ရှုပ်လို့မရကြောင်း၊ သို့သော် လူမှုရေးကိစ္စနှင့်ပတ်သက်သည့် နေရာတွင် သံဃာတွေမပါဝင်ရဆိုသည်ကိုမူ လက်မခံနိုင်ကြောင်း ရိုးဂိုးကျောင်းဟောင်း စာချဆရာတော် ဘဒ္ဒန္တ သုခိတက မိန့်ကြားသည်။

“လူမှုရေးကိစ္စနဲ့ပတ်သက်တာ သံဃာတွေမပါဝင်ရဘူးဆိုတာ လက်မခံနိုင်ဘူး။ သေရေးရှင်ရေးကိစ္စတွေမှာ လည်း အသုဘချတာ လူမှုရေးကိစ္စပဲ” ဟု ဆရာတော်က မိန့်ဆို သည်။

လူမှုရေးကိစ္စများတွင် မပါဝင်ရဆိုသည်မှာ စကားလုံးအားဖြင့်ကျယ်ပြန့်ပြီး ဝိနည်း၊သုတ္တန်တို့ဖြင့် ပြောဆိုဆွေးနွေးရန်လိုအပ်ကြောင်း မွန်ရဟန်းပျိုအဖွဲ့ဝင် ဟောင်းတစ်ပါးဖြစ်သူ ရာမညဓမ္မာစရိယ အရှင်အာလောကက မိန့်ကြားသည်။

“အဓိကတော့ စကားလုံးတွေက ကျယ်ပြန့်တယ်၊ ယုတ္တိလည်း မရှိဘူး၊ အသုဘသွားဖို့ ဒါလည်း လူမှုရေးကိစ္စပဲ။ အဓိက ပြောချင်တာက ဒီကိစ္စက ဗုဒ္ဓပညာရှင်တွေလည်း debate လုပ်နေတာပဲ”ဟု အရှင်အာလောက ရှင်းပြမိန့်ဆိုသည်။

ရဟန်းနှင့် သာမဏေများသည် မိမိတို့၏ တာဝန်ဖြစ်သော ဂန္ထဓူရ နှင့် ဝိပဿနာဓူရ နှစ်ပါးတို့တွင် တစ်ပါးကိုသော်လည်းကောင်း၊ နှစ်ပါးစလုံးကိုသော်လည်းကောင်း ဆောင်ရွက် ကြရန်၊ ယင်းဓူရနှစ်ပါးနှင့် မသက်ဆိုင်သည့် လူမှုရေးကိစ္စများတွင်ပါဝင်ဆောင်ရွက်ပြီး လူမှုရေးကိစ္စများကို အကြောင်းပြု၍ တရားဥပဒေနှင့် ဆန့်ကျင်သည့် အကြမ်းဖက်မှုများကို မကျူးလွန်ရန် ညွန်ကြားလွှာအမှတ် (၉၁)ဖြင့် ထုတ်ပြန်ထားကြောင်း ကျောင်းတိုက်များသို့ ပေးပို့သော ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ထိုသို့ညွှန်ကြားထားသော်လည်း မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့တော်၊ ဆီဒိုးနားဟိုတယ်တွင် ဝန်ထမ်းများက မြန်မာ့ရိုးရာယဉ်ကျေးမှု ဝတ်စုံများဝတ်ဆင်၍ ဧည့်သည်တော်များကိုဝန်ဆောင်မှုပေးခြင်းကို မလျော်ကန်သည့် နေရာတွင် အသုံးပြုသည်ဟု အမြင်ရှိသဖြင့် မျိုးချစ်ရဟန်းပျိုသမဂ္ဂအဖွဲ့မှဥက္ကဋ္ဌ ဦးဆောင်သည့် သံဃာ ၁၅ ပါးက ဟိုတယ်မန်နေဂျာနှင့် တာဝန်ရှိသူများကို သွားရောက်တွေ့ဆုံခဲ့သည်ဟု ညွှန်ကြားစာတွင် ဖော်ပြထားသည်။

ယင်းကြောင့် ကျောင်းထိုင်ပဓာန နာယက ဆရာတော်ကြီးများက မိမိတို့၏ တပည့်ရဟန်း၊သာမဏေများကို ထိုသို့မဖြစ်စေရန် ညွှန်ကြားလွှာအမှတ်(၉၁)နှင့်အညီကြပ်မတ်၍ လိုက်နာဆောင်ရွက်ရေး အကြောင်းကြား လျှောက်ထား ခြင်းဖြစ်ကြောင်း အဆိုပါမြို့နယ်သံဃမဟာနာယက၏ ညွှန်ကြားစာတွင်ဖော်ပြထားသည်။

Leave a Reply