သံဆန်ခါပိုက်များဖြင့် ငါးဖမ်းဆီးနေမှုများကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ တင်းကျပ်စွာ အရေးယူမှု ပြုလုပ်နေ

Photo Credit : Original Uploader(s) to Internet

မော်လမြိုင် မတ်

မွန်ပြည်နယ် စစ်တောင်းမြစ်ဝ နှင့် မုတ္တမ ပင်လယ်ကွေ့ ရေပြင်တွင် ၁လက်မအောက် သံဆန်ခါပိုက်များဖြင့် ငါးများ ဖမ်းဆီးနေမှုများကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ တင်းကျပ်စွာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖေဖော်ဝါရီ ၁၃ရက်တွင် ပြောကြားသည်။

“မွန်ပြည်နယ် ငါးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျိုက်ထို၊ဘီးလင်း၊သထုံ၊ ပေါင်မြို့နယ်တို့ရှိ ကမ်းနီးငါးဖမ်းရေပြင်တွင် ၁လက်မအောက် ငါးဖမ်းပိုက်နဲ့ ဖမ်းဆီးနေမှုများကို ကွင်းဆင်းစစ်ဆေးကာ အရေးယူမှုများ လုပ်ဆောင်တဲ့ ဖြစ်စဉ်တွေရှိပါတယ်”ဟု ၎င်းက ပြောသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ရက်မြောက်နေ့တွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်(ခ) လှမြင့်သန်း၏ မေးခွန်းကို ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

စစ်တောင်းမြစ်ဝနှင့် မုတ္တမပင်လယ်ကွေ့ရေပြင်၌ ၁လက်မအောက် သံဆန်ခါပိုက်ဖြင့် ငါးဖမ်းနေသဖြင့် ရေသယံဇာတငါးမျိုးများ မျိုးတုန်းပျောက်ကွယ်မည့်ကိစ္စကို စီမံချက်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့သည်။

မွန်ပြည်နယ် ငါးလုပ်ငန်းဥပဒေအရ မည်သူမဆို တားမြစ်ချက်တစ်စုံတစ်ရာ ဖောက်ဖျက် ကျုးလွန်ပါက ထောင်ဒဏ် (၃)နှစ်ထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် သုံးသိန်းထိ ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ် အရေးယူနိုင်ကြောင်း ဒုတိယ ဝန်ကြီးက ဖြည့်စွက်ပြောသည်။

ကမ်းနီးရေပြင်ရှိ မြို့နယ်များသို့ ကွင်းဆင်း စစ်ဆေးရာတွင် ဖမ်းဆီးရမိသော ငါးဖမ်းပိုက်ချပ်များကို ငါးလုပ်ပန်းဦးစီးဌာနမှ ပြည်သူ့ဘဏ္ဍအဖြစ် သိမ်းဆည်းကာ မီးရှို့ဖျက်ဆီး ဆောင်ရွက်ခဲ့ကြောင်း ထပ်မံပြောသည်။

သံဆန်ခါပိုက်များဖြင့် ငါးဖမ်းနေမှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်းကာ ဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း သတင်းပေါက်ကြားမှုများ ရှိနေကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်(ခ) လှမြင့်သန်းက ပြောကြားသည်။

“သတင်းရလို့ ကွင်းဆင်းစစ်ဆေးပေမယ့် သက်ဆိုင်ရာအဖွဲ့တွေထဲမှ သတင်းပေါက်ကြားမှုရှိနေသောကြောင့် ဖမ်းမမိမှုတွေ များနေတယ်၊ လှေတွေက စကားပြောစက်တွေနဲ့ အလုပ်လုပ်နေတဲ့အတွက် သတင်းရဖို့က လွယ်ကူပါတယ်”ဟု ၎င်းက ပြောသည်။

ကျိုက်ထို၊ ဘီးလင်း၊ သထုံ နှင့် ပေါင်မြိုကနယ်တို့တွင် ငါးဖမ်းခြင်း လုပ်ငန်းကို လုပ်ကိုင်နေကြသော်လည်း ငါးသယံဇာတ နည်းပါးလာခြင်း၊ ဖမ်းဆီးရရှိမှု နည်းလာခြင်းကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြကြောင်း ဆက်လက်ပြောသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.