မော်လမြိုင်၊ မတ် ။ ။ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနှင့် ကုလားကုတ်ကျွန်းအနီးတစ်ဝိုက်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနက်ဆိပ်ကမ်းနှင့် အထည်ချုပ်စက်ရုံများပါသည့် ဘက်စုံဖွံ့ဖြိုးရေးဇုန် တည်ဆောက်သွားရန်ရှိကြောင်း မွန်ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး မင်းထင်အောင်ဟန်က ပြောကြားသည်။

ဘက်စုံဖွံ့ဖြိုးရေးဇုန်အား Bedok construction Engineering Company မှ ဆောက်လုပ်သွားမည်ဖြစ်ပြီး မတ် ၉ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပဏာမနားလည်မှုစာချုပ် ချုပ်ဆိုခဲ့ကြောင်း ၎င်းထံမှ သိရသည်။

စီမံကိန်း အကောင်ထည်ဖော်သည့်အခါတွင် ၅၆၀ မီဂ္ဂါဝပ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် ဓာတ်အားပေး စက်ရုံကိုလည်း ဆောက်လုပ်သွားမည် ဖြစ်သည်။
“အဓိကက ကုလားကုတ်ရေနက်ဆိပ်ကမ်း ဝန်းကျင်ပေါ့၊ ရေနက်ဆိပ်ကမ်းလုပ်ဖို့ အဲဒီကုလားကုတ်နားပေါ့ အနင်းတို့ အဲဒီဘက်မှာ၊ လောလောဆယ်ကတော့ လျာထားတာပဲ”ဟု လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး မင်းထင်အောင်ဟန်က ရှင်းပြပြောဆိုသည်။

ဘက်စုံဖွံ့ဖြိုးရေးဇုန်တွင် အထည်ချုပ်စက်ရုံ အလုပ်ရုံများ ပေါ်ပေါက်လာပါက ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်သည့်အတွက် ပြည်နယ်အစိုးရမှ သဘောတူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အစိုးရအဖွဲ့အနေနဲ့ မူအားဖြင့် သဘောတူတယ်၊ စတင်လုပ်ကိုင်ဆောင်ရွက်ပါလို့ ချုပ်ဆိုတဲ့ စာချုပ်မဟုတ်ဘူး၊ အစိုးရအဖွဲ့အနေနဲ့ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံကိန်းတွေဖော်မယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိမယ်၊ အဲဒီအကျိုးကျေးဇူးတွေ ဖြစ်လာမှာ ဖြစ်တဲ့အတွက် မူအားဖြင့် သဘောတူတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

ဘက်စုံဖွံ့ဖြိုးရေးဇုန် တည်ဆောက်ရန် ပြည်နယ်အစိုးရမှ ခွင့်ပြုချက်ပေး၍ မရသော်လည်း မွန်ပြည်နယ်အစိုးရ အနေဖြင့် ယင်းကဲ့သို့ စီမံကိန်းကြီးများကို သဘောတူမှုရှိမရှိအား မှတ်ချက်ပေးနိုင်ပြီး ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက်ရမှသာလျှင် လုပ်ငန်းအကောင်အထည် ဖော်နိုင်မည်လည်းဖြစ်သည်။
ယခုစီမံကိန်းအတွက် မြေဧရိယာအကျယ်အဝန်းလည်း အတိအကျ သတ်မှတ်ထားခြင်းလည်း မရှိသေးကြောင်း၊ အစိုးရသစ်လက်ထက်တွင် ယခုကဲ့သို့ အကြီးစားစီမံကိန်း ဆောင်ရွက်ရန် ပထမဦးဆုံး သဘောတူသည့် စာချွန်လွှာ MoU ရေးထိုးခြင်းဖြစ်သည်။

written by – စိုင်းမွန်

Leave a Reply