သံဖြူဇရပ်၊ ဇန်နဝါရီ ၁၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အဝေးပြေးယာဉ်ရပ်နားဝင်းကို ၂၀၁၆ ဖေဖော်ဝါရီလတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းမြင့်ကျော်က ပြောသည်။

signboard

အဆိုပါ အဝေးပြေးယာဉ်ရပ်နားဝင်းအား ကောင်းစုအေးကုမ္ပဏီမှ သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံ ၂၀၁၅ ဒီဇင်ဘာ လကုန်တွင် အပြီးသတ်အပ်နှံပေးရမည် ဖြစ်သော်လည်း မိုးရာသီတွင် လုပ်ငန်း အနည်းငယ် နောက်ကျသွားသည့်အတွက် ၂၀၁၆ ဇန်နဝါရီလကုန်မှသာ အပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လောလောဆယ် စည်ပင်တာဝန််က မြို့ပြသာယာလှပရေးပေါ့၊ နောက် ယာဉ်ရပ်နားရေးတို့ကျတော့ မြို့ထဲမှာ ကားတွေက ကြပ်နေတယ်၊ လမ်းတွေက ကျဉ်းတယ်၊ သွားရလာရ အဆင်မပြေဖြစ်တယ်။ ကားဝင်းအဟောင်း မအောင်မြင်ဘူး၊ မအောင်မြင်တဲ့ အခါကျတော့ ယာဉ်ရပ်နားဖို့နေရာလုပ်ဖို့ လိုနေတယ်။ မြို့ထဲက ကားလည်း ချောင်ဖို့ ယာဉ်ရပ်နားဖို့ နေရာလည်း သပ်သပ်ရပ်ရပ်ဖြစ်ဖို့ အဲ့ဒါကြောင့် ဆောက်ဖြစ်သွားတယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းနေရာတွင် ကားဝင်းအတွင်း ဆိုင်ခန်း ၅၀ နှင့် ကားဂိတ် ၂၀ ရှိပြီး ယခင်ဆိုင်ခန်းရှိပြီးသား ပိုင်ရှင်များကို သိန်း ၉၀ ဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ပြီး ဆိုင်ခန်းအသစ်များကို သိန်း ၁၅၀ ဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခက်အခဲတော့ မရှိပါဘူး လက်ရှိမှာ ၉၀ ရာခိုင်နှုန်းလောက်တော့ ပြီးသွားပြီ မီးလိုင်းကိုတော့ EPC မီးလိုင်းက နေပဲသွယ်မယ် ကုမ္ပဏီကနေပြီးတော့ 315 KV ထရန်စဖော်မာ တစ်လုံး ထိုင်ပေးမယ်”ဟု ကောင်းစုအေး ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်ဇော်နေဝင်းက ပြောသည်။

အဝေးပြေးယာဉ်ရပ်နားဝင်း ဆောက်လုပ်နေမှုကို စည်ပင်ကော်မတီ၏ စံညွှန်းဖြင့် စစ်ဆေးပြီး တည်ဆောက်ရေး ကော်မတီမှလည်း ဝိုင်ဝန်းကူညီ စစ်ဆေးပေးနေကြောင်း ဦးထွန်းမြင့်ကျော်က ဆိုသည်။

၂၀၁၅ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး မီးလိုင်း၊ ရေလိုင်း၊ ကွန်ကရစ်အချောပိုင်းနှင့် တံခါးပေါက်လုပ်ငန်းများသာ ကျန်ရှိကြောင်း သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

Leave a Reply