ယာဉ်မတော်တဆမှုကြောင့် သံဖြူဇရပ်မြို့ ယာဉ်ပတ်အဝိုင်းရှိ ကျိုးပဲ့ပျက်စီးခဲ့သော ဟင်္သာရုပ်တုကို ရုပ်တုအသစ် ထုဆစ်ပြီး ပြန်လည်တပ်ဆင်သွားမည်ဖြစ်ကြောင်း ဟင်္သာရုပ်တုဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

“ဟင်္သာရုပ်တုအသစ် လုပ်ပြီးတော့ ပြန်တပ်မယ်၊ အခုလောလောဆယ်တော့ စီစဉ်နေတုန်းပဲ”ဟု ဟင်္သာရုပ်တု ဖြစ်မြောက်ရေးကော်မတီ ဦးဆောင်ဆရာတော် ဘဒ္ဒ န္တခေမာနန္ဒက မိန့်ကြားသည်။

ယခင်ထုဆစ်ခဲ့သည့် ဟင်္သာရုပ်တုသည် သိန်း ၆၀ ကျော်ကုန်ခဲ့ပြီး ယခုတစ်ဖန် ဟင်္သာရုပ်တုအသစ် ထုဆစ်ပြီး ပြန်လည်တပ်ဆင်ရန် ကုန်ကျစရိတ်အတွက် ယာဉ်မောင်းနှင်းသူ မိသားစုဝင်များထံ တောင်းဆိုထားကြောင်း ဟင်္သာရုပ်တုဖြစ်မြောက်ရေးကော်မတီ မင်းအောင်ချမ်းက ဆိုသည်။

“ဒီတစ်ခါပြုလုပ်မယ့် ဟင်္သာရုပ်တု ကုန်ကျစရိတ်အတွက်က မော်တော်ယာဉ်မောင်း မိသားစုတွေဆီကို ကျွန်တော်တို့ တောင်းဆိုထားတယ်၊ သူတို့ ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ကျွန်တော်တို့က ဟင်္သာရုပ်တု အသစ်ကို တပ်ဆင်သွားမယ်”ဟု မင်းအောင်ချမ်းက ပြောသည်။

သံဖြူဇရပ်မြို့လယ်ရှိ ဟင်္သာရုပ်အဝိုင်းရုပ်တုကို ဧပြီ ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က ဘိလပ်မြေသယ်ဆောင် လာသော ၁၂ ဘီးယာဉ်တစ်စီးသည် မော်လမြိုင်မှ ရေးမြို့သို့ ထွက်ခွာလာစဉ် သံဖြူဇရပ်မြို့လယ်အဝိုင်း အရောက် အရှိန်လွန်၍ မြို့လယ်အဝိုင်းရှိ အုပ်ခုံကို ကျော်ဖြတ်ကာ ဟင်္သာရုပ်တုကို တိုက်မိခဲ့ခြင်း ဖြစ်သည်။

သံဖြူဇရပ်မြို့ ယာဉ်ပတ်အဝိုင်းရှိ အဝိုင်းဟင်္သာရုပ်တုကို မွန်အမျိုးသားနေ့နှင့် ပြည်ထောင်စုနေ့ တစ်ထပ်တည်း ကျရောက်သည့် (တပို့တွဲလဆုတ် ၁ ရက်နေ့) ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Written by – ရွှေရိုး

Leave a Reply