အနုပညာက လူတစ်ဦးတစ်ယောက်တိုင်းရဲ့စိတ်နှလုံးကိုနူးညံ့စေပါတယ်။အနုပညာလို့ ဆိုလိုက်ရင်နယ်ပယ်အလွန်ကျယ်ပြန့်လွန်းပါတယ်။ပန်းချီ၊ပန်းပု၊ဂီတ၊စာပေ၊ကာတွန်းနှင့်အခြားသောပညာရပ်ဆိုင်ရာများသာမကရုပ်ရှင်၊သဘင်ပညာများစွာလည်းပါဝင်ပါတယ်။အနုပညာကြောင့်လည်းလူတွေရဲ့စိတ်တွေနူးညံ့ပျော့ပျောင်းလာပြီးမကောင်းမှုမှရှောင်ဖယ်လာနိုင်တယ်။လူ့ပတ်ဝန်းကျင်တွင်ရှင်သန်နေထိုင်နေစဉ်အနုပညာကိုမခံစားတတ်ရင် ဘဝဟာဆားမပါတဲ့ဟင်းပမာပင်။နေထိုင်မှုအနုပညာဟုလည်းလူများခေါ်ဆိုသမုတ်ကြတယ်။

ထိုသို့များစွာသောအနုပညာများစွာထဲမှစာပေအနုပညာသည်ဘဝရဲ့အရေးကြီးသောအစိတ်အပိုင်းတစ်ခုအနေဖြင့်ရှိနေလျက်ပါ။ စာပေကြောင့်လည်းဘဝတိုးတက်မှုလမ်းများစွာဖန်တီးနိုင်ပါတယ်။စာပေမှအသိပညာ၊အတတ်ပညာများလေ့လာသင်ယူနိုင်သည်။စာမတတ်သောသူသည်ရှင်လျက်ဘဝသေနေသလိုပါ။ဝေဖန်ပိုင်းခြားစဉ်းစားဆင်ခြင်ဉာဏ်မရှိ၍’ဆင်ကန်းတောတိုး’ဟုရှေးစာဆိုများမှစာပေရဲ့တန်ဖိုးကိုဖွဲ့ဆိုထားကြတယ်။အခြားမကြည့်ပါနှင့်။လူမျိုးတစ်မျိုး၏လူနေမှုအဆင့်အတန်းကိုတိုင်းတာရာတွင်လည်းယင်းလူမျိုးစုတို့၏စာပေအဆင့်အတန်းမည်မျှရှိသည်နှင့်ဆုံးဖြတ်လေ့ရှိသည်။

ယနေ့တိုးတက်လာသောကမ္ဘာ့ရွာကြီးဟုတင်စားကြသောသိပ္ပံနည်းပညာတိုးတက်သောခေတ်တွင်စာပေဗဟုသုတသည်အရေးကြီးလှသည်။(Social Media)များတွင်မိမိတို့အလိုရှိသောမိမိတို့အတွက်အသုံးဝင်သောပညာရပ်များစွာကိုရှာဖွေလေ့လာနိုင်သောစာပေသိုက်ကြီးပင်ဖြစ်သည်။ထိုမှမဟုတ်ဘဲမှားယွင်းတဲ့ဘက်အသုံးပြုလျှင်အရမ်းအန္တရာယ်များလှသည်။လူတော်တော်များများကလူမှုကွန်ရက်ကိုအသိပညာရှာဖွေသိုသိုမှီးရာဟုမမြင်တော့ဘဲ စိတ်ရဲ့ဖျော်ဖြေရာနေရာတစ်ခုအဖြစ်အသုံးပြုလာကြသည်။

ထိုသို့အချိန်ဖြုန်းနေခြင်းသည် လမ်းမှားတစ်ခုပင်ဖြစ်သည်။တစ်နှစ်ထက်တစ်နှစ်စာပေဖတ်ရှုလေ့လာမှုအားကျဆင်းလာသည်။စာပေဟုဆိုသော်သုတ၊ရသစာပေကိုဆိုလိုခြင်းဖြစ်သည်။စာပေသည်ဘဝရဲ့တိုးတက်မှုလမ်းကြောင်းအတွက်အကောင်းဆုံးလမ်းပြကြယ်ပင်ဖြစ်သည်။စာပေမှတစ်ဆင့်ဘဝသင်ခန်းစာများ၊သင်ယူလေ့လာမှတ်သားဖွယ်ရာများ၊အသိပညာ၊အတတ်ပညာများစွာဆည်းပူးလေ့လာနိုင်သည်။မြို့တစ်မြို့တွင်စာပေအင်အားတောင့်တင်းခိုင်မာခြင်းသည်ထိုမြို့၏ဂုဏ်သတင်းလည်းမွှေပျံ့စေသည်။စာပေသည်လက်တွေ့ဘဝတွင်သာမကအနာဂတ်မျိုးဆက်ထိတိုင်အောင်လက်ဆင့်ကမ်းပြီးကမ္ဘာအသစ်တစ်ခုကိုဖန်တီးနိုင်စွမ်းရှိ၏။

‘စာပေဟောပြောပွဲအစမော်လမြိုင်က’ဟူ၍ပြောစမှတ်တွင်ရလောက်အောင်မြန်မာနိုင်ငံ၌အကြီးကျယ်ဆုံးနှင့်ရက်အရှည်ဆုံးစာပေအနုပညာဟောပြောပွဲကို၂၀၁၂ခုနှစ်တွင်မော်လမြိုင်မြို့၊မဟာမြိုင်ပရိယတ္တိစာသင်တိုက်မြက်ခင်းပြင်တွင်ပထမဦးဆုံးစည်ကားသိုက်မြိုက်စွာ(၇)ညတိုင်တိုင်ကျင်းပပြုလုပ်ခဲ့ပါတယ်။(၂၀၁၀)ခုနှစ်အစိုးရသစ်ပြောင်းလဲခါစဖြစ်သောကြောင့်စာပေဟောပြောပွဲကျင်းပသည့်ဓလေ့သည်လည်းမြို့ရွာတိုင်းလိုလိုခေတ်စားလာသည်။သတင်းအမှောင်ခေတ်မှရောင်နီအလင်းကိုပြည်သူများကအငမ်းမရဆာလောင်နေကြချိန်ဖြစ်သောကြောင့်တစ်ခဲနက်လာရောက်အားပေးကြသည်။မော်လမြိုင်မှစတင်လိုက်သောစာပေရနံ့သည်ခေတ်တစ်ခုကိုနိုးဆွလိုက်သလိုပင်။စာပေဟောပြောပွဲသာမကစာအုပ်ဈေးရောင်းပွဲတော်နှင့်စာပေအနုပညာနှင့်သက်ဆိုင်သောပန်းချီ၊ကာတွန်းပြခန်းများလည်းခင်းကျင်းပြသထားသောကြောင့်လည်းမြို့ရွာတိုင်းလိုလိုပြောစမှတ်တွင်ခဲ့ရသည်။

ခေတ်အဆက်ဆက်စာပေနှင့်ပတ်သက်လျှင်မော်လမြိုင်သည်ဂုဏ်တင့်ခဲ့ပါသည်။မော်လမြိုင်သားဟုဆိုလိုက်လျှင်စာပေပညာရှင်သိပ္ပံမောင်ဝ၊ဒေါက်တာလှဘေတို့တွဲလျက်မြင်နေကြမှာပါ။ရွှေမြိုင်မောင်ဖူးဝါ(ကွယ်လွန်)၊ရွှေမြိုင်ပြုံးလဲ့မော်၊မင်းချမ်းမွန်အစရှိသောအမျိုးသားစာပေဆုရှင်များသာမကအကြည်တော်၊ဓီရာမိုကဲ့သို့သောနာမည်ကျော်ပါရမီရှင်များလည်းပေါ်ပေါက်နေဆဲပင်။ဤကဲ့သို့မော်လမြိုင်သည်စာပေမျိုးဆက်တွေအဆင့်ဆင့်လက်ဆင့်ကမ်းနိုင်ခဲ့ပါတယ်။

မော်လမြိုင်သည်ရာမညဂုဏ်ဆောင်စာပေမှတ်တိုင်အဖြစ်ရက်အရှည်ကြာဆုံးစာပေဟောပြောပွဲ(၇)ရက်ဆက်တိုက်ကျင်းပပြုလုပ်ခဲ့ပြီးနောက်ဒုတိယအနုပညာမျိုးဆက်တစ်ခုကိုပါထပ်မံဖော်ထုတ်ခဲ့ပြန်သည်။ခရိုင်ပြန်၊ဆက်ရုံးရှေ့ရှိကမ်းနားလမ်းရေပေါ်ညဈေးတန်းမြေကွက်လပ်တွင်၅ရက်ဆက်အနုပညာပြပွဲကိုနှစ်ကြိမ်ဆက်ထပ်မံခင်းကျင်းခဲ့ပြန်သည်။ကာတွန်းပြခန်း၊ပန်းချီပြခန်း၊ကဗျာပြခန်း၊ဓာတ်ပုံပြခန်း၊ပန်းပုပြခန်းများသာမက3Dပန်းချီများလည်းရေးဆွဲပြသထားသည်။အမှတ်တရပုံတူရေးဆွဲခြင်း၊ကဗျာရွတ်ပွဲများဖြင့်အထူးစည်ကားသိုက်မြိုက်ခဲ့သည်။မော်လမြိုင်အနုပညာရနံ့သည်သံလွင်ပေါ်တွင်ထပ်မံမွှေးပျံ့ခဲ့ပြန်သည်။

မော်လမြိုင်အနုပညာဟုဆိုလိုက်လျှင်သံလွင်ကိုထိန်ချန်ထားလို့မရ။အိပ်မက်တံတားကြီးနဲ့အတူသံလွင်ဟာစာဖွဲ့လို့မကုန်နိုင်သောမွန်ကဗျာပင်ဖြစ်သည်။ငွေစင်ရော်လေးများတောင်ပံခတ်ပြီးသူတို့ရင်ဘတ်ထဲမှကဗျာသံစဉ်တွေကိုသံလွင်ပေါ်ဖွင့်အန်ချခဲ့ကြသည်။အနုပညာရနံ့များထုံသင်းပြီးသံလွင်ဟာကဗျာရနံ့များသင်းပျံ့လျက်မော်လမြိုင်သည်လည်းစာပေဂုဏ်သတင်းမွှေးခဲ့ပြန်သည်။

ယခုဆိုလျှင်သံလွင်ရေစီးနှင့်အတူသံလွင်ရပ်ဝန်းကဗျာဝိုင်းအဖြစ်ရာမညမြေပေါ်မှာမှတ်တိုင်သစ်တစ်ခုထပ်မံစိုက်ထူနိုင်ခဲ့ပြန်လေပြီ။ကဗျာရေးသူ(၂၅)ယောက်စုပေါင်းရေးသားထုတ်ဝေသော”ကောင်းကင်ဖြိုတဲ့မြစ်”အမည်ရှိအချစ်၊ဘဝ၊ဒဿနကဗျာစာစုများသည်မော်လမြိုင်ကဗျာဆရာများစုပေါင်းအားထုတ်မှုပင်ဖြစ်သည်။မိုးပန်းမွန်(ရာမည)၊ရွှေမြိုင်မောင်ပွင့်ဆန်း၊ရဲဟန်ဟန်(မော်လမြိုင်)၊ဆက်နေမင်းအောင်၊ကမ်လူဝေးအစရှိသောစာပေနယ်မှာနာမည်ရကဗျာဆရာများနဲ့အတူမျိုးဆက်သစ်လူငယ်များစုပေါင်းအားထုတ်၍စာပေမျိုးဆက်သစ်တို့ကိုလက်ဆင့်ကမ်းကြိုဆိုမှုပင်ဖြစ်သည်။မော်လမြိုင်သည်စာပေအနုပညာရနံ့များထာဝစဉ်ထုံသင်းလျက်ရှိကြောင်းကိုဖော်ပြနေသလိုပါပဲ။

သံလွင်ကဗျာသည်ထိုမျှနှင့်ရပ်တန့်မသွား၊မော်လမြိုင်အနုပညာတစ်ခုကိုပါထပ်မံပူးပေါင်းတင်ဆက်နိုင်ခဲ့ပြန်သည်။မော်လမြိုင်မြို့၊ကမ်းနားလမ်း၊မြို့မရှေ့မြေကွက်လပ်ကွင်းပြင်တွင်၂၀၁၆ဒီဇင်ဘာလမှစပြီးလေးလဆက်တိုက်စာပေဟောပြောပွဲနှင့်အနုပညာပြပွဲကျင်းပခဲ့ပြန်သည်။ကဗျာ၊ပန်းချီ၊ပန်းပု၊ကာတွန်း၊ဓာတ်ပုံအစရှိသောအနုပညာများကိုခင်းကျင်းပြသထားသည်။ထိုအနုပညာပြပွဲမှမျိုးဆက်သစ်ရွက်ပုန်းသီးကဗျာဝါသနာရှင်များကိုလည်းထပ်မံဖော်ထုတ်လက်တွဲခေါ်နိုင်ခဲ့သည်။မွန်ပြည်နယ်မှကဗျာရေးသူစာပေဝါသနာရှင်များသာမကအခြားမြို့မှကဗျာဆရာများလည်းပူးပေါင်းပါဝင်၍စာမူများပို့ခဲ့ပါသည်။ပြပွဲအမှတ်တရကဗျာစုစည်းမှု စာအုပ်လည်းထုတ်ဝေနိုင်ခဲ့သည်။ဤသို့ဆောင်ရွက်ခြင်းသည်သံလွင်ရပ်ဝန်းဝိုင်းတော်သားများနှင့်မော်လမြိုင်အနုပညာတစ်သားတည်းထပ်တူကျကြောင်းကိုဖော်ပြနေသလိုပင်။

သံလွင်သည်ဘယ်တော့မှစာဖွဲ့လို့မကုန်သောသက်ရှိကဗျာပင်ဖြစ်သည်။မော်လမြိုင်သည်လည်းအနုပညာရနံ့များထာဝရကိန်းအောင်းနေသောအရပ်ဖြစ်သည်။မျိုးဆက်သစ်လူငယ်များ၏လက်ဆင့်ကမ်းဆက်လက်ထိန်းသိမ်းမှုဖြင့်စာပေအနုပညာများရာမညမြေပေါ်တွင်ဆက်လက်မွှေးပျံ့နေဦးမည်။သံလွင်ရေစီးနဲ့အတူသံလွင်ရပ်ဝန်းကဗျာရွတ်သံများဆက်လက်အသက်ဝင်နေဦးမည်ဖြစ်ပါသည်။

Written by – ရာမညမင်းငြိမ်းချမ်း

Leave a Reply