မော်လမြိုင်မြို့ရှိ ငါးအရောင်းအဝယ်အတွက် အဓိကအချက်အချာကျရာ သံလွင်ဈေး၏ နံနက်ခင်းကား ငါးဒိုင်အသီးသီးတွင် လုပ်ကိုင်နေသည့် အလုပ်သမားများသည် ရန်ကုန်နှင့် အနယ်နယ်အရပ်ရပ်မှ ကုန်တင်ကားများဖြင့် လာပို့ထားသည့် သေတ္တာများဖြင့်ထုပ်ပိုးထားသည့် ငါးများကို ကားပေါ်မှ သယ်ချခြင်း၊ အမျိုးအစားနှင့် အရွယ်တူငါးများကို ဖယ်ထုတ်ရွေး ချယ်ခင်းကျင်းခြင်း တို့ဖြင့် ရောင်နီမလာသေးမီ ညံစီစီ အသံများ ထွက်ပေါ်နေသည်။

than-lwin-shop

လာရောက်ဝယ်ယူနေသည့်ဖောက်သည်များကို အပြိုင်အဆိုင်ရောင်းချနေသော်လည်း ငါးဒိုင်လုပ်ငန်းရှင်များနှင့် ငါးထမ်း အလုပ်သမားများ၏မျက်နှာသွင်ပြင်တွင်မူ စိုးရိမ်မှုမှာကား တစ်နေ့ထက်တစ်နေ့မြင့်တက်လာနေသည်။

စိုးရိမ်ရသည့် အကြောင်းရင်းမှာကား ငါးဒိုင်လုပ်ငန်းများကို လက်ရှိရောင်းချနေသောသံလွင်ဈေးနေရာမှ ကျောက်တန်း ရပ်ကွက်သို့ ပြောင်းရွှေ့ရန် အစိုးရက လွှတ်တော်တွင်သဘောတူညီလိုက်ခြင်းကိုကြားသိရခြင်း ကြောင့်ပင်ဖြစ်ပေသည်။
“ အန်တီတို့မပြောင်းချင်ဘူးကွယ်၊ ကျောက်တန်းရပ်ကွက်က နယ်မြေကြမ်းတယ်၊ မြို့နဲ့လည်း သီးခြားစီဖြစ်သွားပြီ၊ အရောင်းအဝယ်လည်း ဖြစ်မှာမဟုတ်တော့ဘူး” ဟု သံလွင်ဈေးငါးဒိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်လာဘီက ၎င်း၏ စိုးရိမ်စိတ် ကိုပြောပြသည်။

အစိုးရက အကောင်းဆုံးဆောင်ရွက်ပေးမည်ဆိုသော်လည်း လက်ရှိရောင်းချနေသည့် သံလွင်ဈေးနေရာမှ ပြောင်းရွှေ့ ရောင်းချလိုစိတ်မရှိကြောင်း အခြားငါးရောင်းဝယ်ရေးလုပ်ငန်းရှင်များကလည်းပြောဆိုကြသည်။
မော်လမြိုင်မြို့နယ်၊ ဘိုကုန်းရပ်ကွက်ရှိ သံလွင်ဈေးကို ခရစ်နှစ် သက္ကရာဇ် ၁၉၈၉ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး သက်တမ်း အားဖြင့် ၂၇ နှစ်ခန့်ရှိပြီဖြစ်သည်။

စတင်တည်ထောင်ချိန်က ခြောက်ပေ ပတ်လည်ဆိုင်ခန်းများဖြင့် ကုန်ခြောက်တစ်မျိုးသာရောင်းချခဲ့ရာမှ အမှတ်(၁)ဈေး (ယခင် အောက်ဈေး)နှင့် အပေါ်ဈေး(မိုင်ဒါဈေး)မှ ငါးဒိုင်လုပ်ငန်းများပြောင်းရွှေ့လာချိန်တွင် ခြောက်ပေ ပတ်လည်ဆိုင်ခန်းများကို ဖျက်ပြီး ငါးဒိုင် အဖြစ်အသုံးပြုခဲ့ကြသည်။

သံလွင်မြစ်အနီးတွင် တည်ရှိသည့် ဈေးအတွင်းလုပ်ကိုင်နေသည့် ငါးဒိုင်အသီးသီး၏ သက်တမ်းမှာလည်း ဆယ်စုနှစ် နှစ်စု ခန့်ကြာမြင့်နေပြီဖြစ်ပြီး မွန်ပြည်နယ်အတွင်း ငါးမျိုးစိတ်အမျိုးမျိုးကို ကူးသန်းရောင်းဝယ်နေသော ဈေးလည်းဖြစ်သည်။
ထိုသို့ သက်တမ်းရင့်နေပြီဖြစ်သည့် သံလွင်ဈေးရှိ ငါးဒိုင်များမှာ ၂၀၁၃ ခုနှစ်ဝန်းကျင်တွင် စတင်၍ ဒေသခံများ၏ ကန့်ကွက်မှုများနှင့်ရင်ဆိုင်ခဲ့ရသည်။

ကန့်ကွက်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ဒိုင်များမှ ထွက်ရှိလာသည့် ငါးညှီနံ့များနှင့် အမှိုက်သရိုက်များကြောင့် ဖြစ်ကြောင်း ဈေးအနီးရှိ လူနေရပ်ကွက်အတွင်း နေထိုင်ကြသူများက ပြောဆိုကြသည်။
“ငါးဈေးမို့ ငါးညှီနံ့ထွက်တာမှန်ပေမယ့် သူတို့စနစ်တကျမလုပ်တဲ့အတွက် ငါးဈေးက ညစ်ပတ်ပြီး ပိုနံလာတယ်၊ ဒါကိုမခံနိုင် တော့ ဈေးနားနေတဲ့သူတွေက တိုင်တာပေါ့” ဟု သံလွင်ဈေး၏ အနီးတွင် စက်ဘီးဖာလုပ်ငန်းလုပ်ကိုင်နေသည့် ကို သိန်းဝင်းက ပြောသည်။

“ငါးဈေးဆိုတော့ ငါးအနံ့ထွက်တာ ထုံးစံပဲ။ကျွန်မတို့လည်း အတတ်နိုင်ဆုံး ရေတင်ပြီးတော့ သန့်ရှင်းအောင်ဆေးကြောပြီး စနစ်တကျလုပ်ကိုင်နေကြတာပဲ”ဟု ငါးရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်တင်ရီက ပြောဆိုသည်။
ဈေးသန့်ရှင်းရေးနှင့် အနံ့ဆိုးများမထွက်ရေးကို ငါးဒိုင်များက ဦးစားပေးလုပ်ကိုင်နေသော်လည်း ပတ်ဝန်းကျင်က လက်ခံနိုင်သည့် အနေအထားတွင်မရှိဘဲ အကြိမ်ကြိမ်တိုင်ကြားခဲ့၍ ပြောင်းရွှေ့ရသည့်အနေအထားကိုရောက်လာရကြောင်း သံလွင်ဈေးတာဝန်ခံ ဦးထွန်းထွန်းသန်းက ဆိုသည်။

“ အနံ့ထွက်ပြီး စိတ်အနှောင့်အယှက်ဖြစ်မဖြစ် ဝေဖန်နေစရာမလိုဘူး၊ ဒီဈေးနားမှာ တစ်ပတ်လောက်လာနေကြည့်ရင် အဖြေထွက်သွားလိမ့်မယ်” ဟု ငါးညှီနံ့ခံနေရခြင်းနှင့် ပတ်သက်၍ ရပ်ကွက်နေသူတစ်ဦးဖြစ်သည့် ဦးရဲမြင့် က ထပ်လောင်းပြောဆိုသည်။
ထို့အတူ မော်လမြိုင်မြို့တွင်းမဝင်ရန်တားမြစ်ထားသည့် ကုန်တင်ကားကြီးငယ်အသွယ်သွယ်မှာလည်း ရန်ကုန်နှင့် အခြားဒေသများမှ သယ်ယူလာသည့် ငါးပုံးများကိုမနက် သုံးနာရီအချိန်မှစ၍ ကုန်တင်ကုန်ချပြုလုပ်ရန် ဝင်ထွက်နေခြင်းကိုလည်း ပတ်ဝန်းကျင်တွင် နေထိုင်သူပြည်သူများ မလိုလားသည့် ကိစ္စရပ်တစ်ခုဖြစ်ပြန်သည်။

“ သူတို့က လူအိပ်ချိန်မနက်အစောကြီး ကားသံကျယ်ကျယ်နဲ့ ဈေးကိုရောက်လာကြတယ်၊ ပြီးရင်ဟေးလားဝါးလားနဲ့ ဆူညံပြီး ပတ်ဝန်းကျင်ကိုဒုက္ခပေးတယ်၊ ဒါကိုကျွန်တော်တို့လည်း နေ့စဉ်အနှောင့်အယှက်ဖြစ်နေတာ မခံနိုင်တော့ဘူး” ဟု ဦးရဲမြင့် ကဆိုသည်။

အထူးသဖြင့် ငါးဒိုင်မှထွက်သည့် အနံ့များကိုမခံနိုင်ကြသဖြင့် ယခင်အစိုးရလက်ထက်က လေးကြိမ်တိုင်တိုင် တိုင်ကြားခဲ့ပြီး ယခုအစိုးရလက်ထက် တွင်ထပ်မံတိုင်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ ပြောင်းရွှေ့ရမည့်အခြေအနေပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ရပ်ကွက်နေထိုင်သူများက ဆိုကြသည်။

ယခုအချိန်တွင် သံလွင်ဈေးရှိ ငါးဒိုင်များမှာ ဒေသခံပြည်သူများ၏ ကန့်ကွက်မှုကြောင့် ပြောင်းရွှေ့ရတော့မည်ဖြစ်သည်။
အောက်တိုဘာ ၁ဝရက်နေ့က ကျင်းပခဲ့သော မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ဒေသခံပြည်သူများ၏ ကန့်ကွက်တိုင်ကြားမှုကို တင်ပြခဲ့ပြီး အစိုးရ၏ သဘောထားကို မေးမြန်းခဲ့သည်။

ယင်းသို့မေးမြန်းရာတွင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကို ပူးတွဲတာဝန်ယူထားသည့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးက အများပြည်သူတို့၏ ဆန္ဒအတိုင်း ကျောက်တန်းရပ်ကွက်သို့ပြောင်းရွှေ့ရန်စီစဉ်ထားသည့်အကြောင်း လွှတ်တော်တွင်ပြန်လည်ဖြေကြားခဲ့သည်။
မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် သံလွင်ဈေးအကျိုးတော်ဆောင်အဖွဲ့တို့၏ ညှိနှိုင်းမှုဖြင့် သံလွင်ဈေးရှိ ငါးဒိုင်များ ကို စည်ပင်သာယာရေးကော်မတီက စက်မှုမြေငှားဂရမ်အဖြစ် လျှောက်ထားသည့် မော်လမြိုင်မြို့၊ ကျောက်တန်း ရပ်ကွက် ကျောက်တန်းကွင်း ကွင်းအမှတ် ၆ဝ၈၊ ဦးပိုင်အမှတ် (၇၆)ရှိ မြေ ငါး ဧကကျော်(သို့မဟုတ်) ကျောက်တန်းစက်ရုံစု အတွင်း သင့်တော်သည့် မြေလွတ်နေရာကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မြေအဖြစ်လျှောက်ထား၍ ပြောင်းရွှေ့စေမည် ဖြစ်သည်။

ထိုသို့ပြောင်းရွှေ့လိုက်ပါက နိစ္စဓူဝခံစားနေရသော အညှီနံ့နှင့် နံနက်ခင်းဆူညံသံများ ကင်းဝေးမည့်အတွက် အစိုးရ၏ လုပ်ဆောင်မှုမှာ မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်ကြောင်း ဒေသခံများက ထောက်ခံကြိုဆိုကြသည်။
သို့သော် … လုပ်ငန်းရှင်များကမူ ငါးဒိုင် ကျောက်တန်းရပ်ကွက်သို့ပြောင်းရွေ့ရပါက အနှစ်နှစ်ဆယ် တည်ရှိခဲ့သော ငါးဈေးကွက်ပျက်သုဉ်းခြင်းနှင့် ဝယ်သူများအတွက်လည်း မြို့နှင့်ဝေးသည့်အတွက် ပိုမိုခက်ခဲခြင်းစသည့် ပြဿနာများကိ်ု ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးပြောဆိုသည်။

အစိုးရက စီစဉ်ပေးထားသည့် ကျောက်တန်းရပ်ကွက်မှာ မော်လမြိုင်မြို့၏ အစွန်အဖျားနေရာ၌ တည်ရှိနေခြင်း၊ မြို့တွင်းလမ်းပိုင်းများနှင့် လမ်းကြောမသင့်ခြင်း၊ ကုန်တင်ကားများဝင်ရောက်ရန်ခက်ခဲသည့်နေရာဖြစ်သည့်အပြင် ဈေးဝယ်သူများရှားပါးလာမည့် အခက်အခဲများနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း ငါးဒိုင်လုပ်ငန်းရှင်များက ဆိုကြသည်။

“ ပြောင်းဖို့ကလွယ်တာမဟုတ်ဘူး၊ အရင်းအနှီးတွေလည်းဆုံးကုန်မယ်၊ တစ်နေရာကနေတစ်နေရာကို သွားပြီးထူထောင်ဖို့လည်း လွယ်တာမဟုတ်ဘူး၊ ငါးဒိုင်တော်တော်များများက အလုပ်မလုပ်စားနိုင်ဘဲနဲ့ ပြုတ်သွားကြမှာတော့ ရဲရဲကြီး အာမခံတယ်” ဟု ငါးဒိုင်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်တင်ရီက ပြောသည်။
ထိုသို့ ငါးဒိုင်များ ယိုင်လဲလာပါက ယင်းတွင် မှီခိုလုပ်ကိုင်နေသည့် လုပ်သားများကို လည်းထိခိုက်လာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုကြသည်။ သံလွင်ဈေးအတွင်း လုပ်ကိုင်နေသည့် ငါးဒိုင်လုပ်ငန်းရှင် ၁၃ ဦး၏ ဆိုင်ပေါင်းတစ်ရာကျော်တွင် လုပ်သားပေါင်း တစ်ရာကျော်ရှိပြီး လုပ်သားအများစုမှာ ဧရာဝတီတိုင်းကဲ့သို့သော နယ်ဝေးမှ လာရောက်လုပ် ကိုင်ကြသူများ ဖြစ်သည်။

လတ်တလောတွင် မိသားစုကိုထောက်ပံ့ရန်ဝင်ငွေများလျော့သွားမည့်အရေးစိုးရိမ်နေကြကြောင်း အလုပ်သမားများက ထုတ်ဖော်ပြောကြား လာသည်။
“နေရာဝေးသွားမယ်။လူမလာတော့ဘူး။ မရောင်းရတော့ဘူးဆိုရင် မိသားစုတွေလည်း အခက်အခဲဖြစ်လာမယ်။ဒီအနောက်မှာ မှီခိုနေတဲ့ မိသားစုတွေ အများကြီးရှိတယ်” ဟု သံလွင်ဈေးအတွင်း ကုန်တင်ကုန်ချလုပ်နေသည့် လုပ်သားတစ်ဦးက ပြောဆိုသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကမူ သံလွင်ဈေးကို ဒေသခံများ၏ သဘောဆန္ဒအတိုင်း ပြောင်းရွှေ့ရန်စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြောင်းရွှေ့ရမည်ဆိုသော်လည်း အချိန်ကာလနှင့် ထည့်သုံးရမည့် ဘတ်ဂျက်ထည့်ဆွဲပြီးမှ လုပ်ဆောင်ရမည့်ကိစ္စတစ်ခုဖြစ်ကြောင်း ရှင်းပြပြောဆိုသည်။

“ရွှေ့ရမယ့်အချိန်ကာလနဲ့ ထည့်သုံးရမယ့်ဘတ်ဂျက်ထည့်ဆွဲပြီး ကျလာမယ့် ငွေနဲ့မှ ဈေးပြောင်းဖို့လုပ်ရမှာ၊ ရလာမည့် ခွင့်ပြုရန်ပုံငွေနဲ့ ဈေးသစ်ဆောက်ပြီးတာနဲ ငါးဒိုင်ကိုတစ်ခါတည်းပြောင်းမယ်” ဟု ၎င်းကပြောဆိုသည်။
ငါး၊ပုစွန် ရောင်းဝယ်ရေးလုပ်ငန်းများ ပြောင်းရွှေ့ရမည့်နေရာကိုလည်း ကောင်းမွန်သည့်နေရာကို ပေးချင်ပြီး ငါးဒိုင်လုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေစေရန်အတွက်လည်း အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ပေးနေကြောင်း စည်ပင်သာယာရေးဝန်ကြီးရာထူးကိုပါ ပူးတွဲတာဝန်ယူထားသည့် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဆိုသည်။

“လုပ်ငန်းအတွက်လည်း သဟဇာတဖြစ်မယ့်နေရာကိုလည်းရွေးရတယ်၊ သိပ်ကောင်းတဲ့နေရာကိုပေးချင်ပေမယ့် ပေးလို့မရတဲ့နေရာတွေလည်းရှိနေတော့မတတ်နိုင်ဘူး” ဟုသာ ၎င်းက ထပ်လောင်းရှင်းပြပြောသည်။
လုပ်ငန်းရှင်များအတွက် နေရာအပြောင်းအရွှေ့တွင် အရင်းအနှီးများစွာအကုန်အကျခံရမည့်အပြင် ငါးလုပ်ငန်းမှ အမြတ်ငွေပြန်ရမည်မသေချာသဖြင့် ပြောင်းရွှေ့ရန်ပင်မဆုံးဖြတ်ရဲသည့် အခြေအနေတွင်ရှိနေကြသည်။
“ ငါးဒိုင်ကလူတွေလည်း ဒါနဲ့ ပတ်သက်ပြီး တော်တော်လေး ညည်းကုန်ကြပြီ၊ ငါးဒိုင်တွေမရှိတော့ဘူးဆိုရင် ဒီသံလွင်ဈေးကြီးကတော့ တော်တော်ခြောက်ကပ်သွားမှာပဲ” ဟု သံလွင်ဈေးတာဝန်ခံ ဦးထွန်းထွန်းသန်း က ဆက်လက်ပြောပြသည်။

ထို့ပြင် သံလွင်ဈေးတွင်ရောင်းချနေသည့် ကုန်ခြောက်ဆိုင် အနည်းငယ်သာရှိပြီး ၎င်းတို့မှာ ကုန်ပစ္စည်းများ ရောင်းချနိုင်ရေး အတွက် ငါးအဝယ်လာသည့် ဈေးသည်များကိုသာအားကိုးနေရကြောင်း သံလွင်ဈေးတာဝန်ခံ ဦးထွန်းထွန်းသန်း ကပြောသည်။

ငါးဒိုင်များတစ်စုတစ်စည်းတည်းဖြင့် မော်လမြိုင် မြို့ပေါ်တွင်တည်ရှိနေရာမှ ပြောင်းရွှေ့သွားလျှင် သွားရောက်ဝယ်ယူရန် အခက်အခဲအနည်းငယ်ရှိလာနိုင်ကြောင်း ဈေးဝယ်သူအချို့က ပြောသည်။
စိုးရိမ်စိတ်ကိုဖြေဖျောက်ရန်ထက် ပတ်ဝန်းကျင်နေပြည်သူများ၏ သဘောထားဆန္ဒများမှာ ပိုမိုအားကောင်းနေသည့် အခြေအနေတွင်ရှိနေသည့်အတွက် ပြောင်းရွှေ့ရေးကို ငြင်းဆန်ရန်အခွင့်မသာတော့သည့် အနေအထားသို့ရောက်ရှိနေသည်။
အချိန်အတိအကျ မသိသေးသော်လည်း ငါးဒိုင်များ ပြောင်းရတော့မည့် အရေးအတွက် ဒေသခံများက ထောက်ခံနေကြပြီး လုပ်ငန်းရှင်များနှင့် အလုပ်သမားများ၏ စိုးရိမ်မှုမှာမူ တစ်နေ့ထက်တစ်နေ့မြင့်တက်လာနေသည်။

ဘိုကုန်းရပ်ကွက် သံလွင်ဈေးအနီးပတ်ဝန်းကျင်ပြည်သူများ ကျန်းမာရေးနှင့် ရှင်သန်နေထိုင်မှုများအတွက် နှစ်ပေါင်း နှစ်ဆယ်ခန့် ခံစားခဲ့ရသည့် ငါးညှီနံ့များ ပပျောက်တော့မည်ဖြစ်သည်။သို့သော် တစ်ဖက်တွင်လည်း မော်လမြိုင်မြို့၏ အဓိက ငါးတင်ပို့သည့် လုပ်ငန်းများကို အနည်းနှင့်အများဆုံးရှုံးမှုများဖြစ်စေနိုင်သဖြင့် အစိုးရက ငါးဒိုင်မျာပြောင်းရွှေ့ရေးလုပ်ငန်းစဉ်တွင် အကောင်းဆုံးရလဒ်ထွက်ပေါ်ရန် ညှိနှိုင်း ဆောင်ရွက်ရမည့် ကိစ္စတစ်ခုဖြစ်နေသည်။

“ ဘာပဲဖြစ်ဖြစ် ဒီနေရာကနေမပြောင်းရရေးအတွက် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေကို စာတင်ပြီးတောင်းဆိုသွားမယ်၊ အစိုးရဘက်ကလည်း ငါးရောင်းသူတွေနဲ့ ဝယ်သူတွေမနစ်နာအောင်လုပ်ပေးမယ်လို့ယုံကြည်တယ်” ဟု ဒေါ်လာဘီက ဆိုလေသည်။

Leave a Reply