မော်လမြိုင်၊ ဖေဖော်ဝါရီ

မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက် ၊ အောက်လမ်းမကြီးရှိ သံလွင်ဈေး ငါးအဝယ်ဒိုင်များကို ကမ်းနားလမ်း၊ ကျောက်မီးသွေးရုံး၊ အခွနလွတ်ဈေးနေရာသို့ ပြောင်းရွှေ့ရန် လျာထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားသည်။

“ကျောက်မီးသွေးရုံးကို နည်းနည်းကြည့်နေတယ် ။ အဆင်ပြေလို့ရှိရင် ပြောင်းဖို့ လျာထားတယ်။ အဲဒီနေရာက ငါးဒိုင်တွှေအတွက် အသင့်တော်ဆုံးလို ထင်တယ်၊ ရေကလည်း လွယ်တယ်။ ကျောက်တန်းမှာ သွားဆောက်မယ်ဆိုရင် ကျပ်သိန်းငါးထောင်က မြေထိန်းနံရံနဲ့ပဲ ကုန်သွားမယ်” ဟု ၎င်းက ဆိုသည်။

ငါးအဝယ်ဒိုင်ကို ယခင်က ကျောက်တန်းရပ်ကွက်တွင် ပြောင်းရွှေ့ရန် လျာထားခဲ့သော်လည်း လမ်း၊ မီး၊ ရေ၊ ဆက်သွယ်ရေးစသည်တို့တွင် အဆင်မပြေမှုများ ရှိနေကြောင်း၊ ဈေးသတ်မှတ်ရန် လျာထားမြေနေရာ၌ ကျူးကျော်အိမ်များရှိနေသည့် အခက်အခဲလည်းရှိနေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

သံလွင်ဈေးမှ ငါးဒိုင်လုပ်ကိုင်သူတစ်ဦးက ဈေးနေရာ ပြောင်းရွှေ့ရမည်ဆိုပါက အခက်အခဲများရှိနိုင်ပြီး ယင်းနေရာသစ်တွင် ဌာနဆိုင်ရာများက မည်သို့ လုပ်ဆောင်ပေးမည်ကို မသိရှိရသေးကြောင်း ပြောကြားသည်။

“မြို့လယ်ခေါင်မှာ ငါးဈေးတွေရှိတယ်၊ အနံ့ထွက်တာလည်း မကောင်းတော့ဘူး။ ကြာလာရင် ကျန်းမာရေးလည်း ထိခိုက်လာနိုင်တယ်။ ပြောင်းသင့်တယ်။ ကျွန်မတို့က ဈေးဝယ်ရင်တော့ နည်းနည်းဝေးသွားမယ်ပေါ့” ဟု သံလွင်ဈေးငါးဒိုင်သို့ ဈေးလာဝယ်သူ အိမ်ရှင်မတစ်ဦးက ဆိုသည်။

လက်ရှိ၌ သံလွင်ဈေးတွင် ငါးအဝယ်ဒိုင် ၁၅ ဒိုင်ရှိကြောင်း သိရသည်။

Written by ခင်နန်းဌေး

Leave a Reply