Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ

မော်လမြိုင်မြို့၊ သံလွင်ဈေးပြောင်းရွှေ့တည်ဆောက်ရန် လျာထားသည့်မြေနေရာမှာ မြေပေးမိန့် မရရှိသေးကြောင်း ဒီဇင်ဘာ ၁၃ ရက်က ကျင်းသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားသည်။

လျာထားသည့် မြေနေရာတွင် မြေပေးမိန့်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ယင်း မြေနေရာမှာ လက်ရှိအခြေအနေတွင် ငါးဒိုင်များအတွက် အသုံးပြုရန်အဓိကလိုအပ်သည့် ရေနှင့် လျှပ်စစ်မီးရရှိရေး အခက်အခဲများ ရှိနေကြောင်း ဦးမင်းကျော်လွင်က ဆိုသည်။

အများပြည်သူအကျိုးဖြစ်ထွန်းနိုင်ရန်အတွက် ပြည်သူအခြေပြုဈေးဖြစ်လာနိုင်ရန် အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက်ဆဲဖြစ်ပြီး နေရာပြောင်းလဲမှု ရှိလာပါက သံလွင်ဈေးအဆင့်မြှင့်တင် တည်ဆောက်ရေး လုပ်ငန်းအစီအစဉ်ကို ပြည်နယ်လွှတ်တော်သို့ အသိပေး၍ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ရာဇဝင်ကို ကြည့်မယ်ဆိုရင် ဒီနေရာကို ရောက်ဖို့ (၄) ကြိမ်တိတိပြောင်းခဲ့ရပြီ။သူတို့အတွက်လည်း နစ်နာပါ တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အခုသွားနေတဲ့စနစ်က ခေတ်မီအောင်သွားမလား။ အရင်တုန်း က ကုန်စိမ်းဈေးဆောက်ပြီး ငါးဒိုင်ကို ပြီးစလွယ် ပြောင်းမလားဆိုတာကို ကျွန်တော်နဲ့ ဝန်ကြီးချုပ်နဲ့ အမြဲတမ်း ဆွေးနွေးဖြစ်ပါတယ်”ဟု ဦးမင်းကျော်လွင်က ထပ်လောင်းပြောကြားသည်။

ဘဏ္ဍာရေးခွင့်ပြုထားသည့်ကိစ္စနှင့် ပတ်သက်ပြီး ဦးမင်းကျော်လွင်အနေဖြင့်ဝန်ကြီးတာဝန်ကို မထမ်းဆောင်မီကတည်းက သံလွင်ဈေးပြောင်းရွှေ့ရေးလျာထားချက်နှင့် ဥပဒေကြမ်းများကို တင်သွင်းဆုံးဖြတ်ခဲ့ကြောင်း၊ မြေနေရာရှိ မရှိကို စိစစ်ပြီးမှသာ ဘတ်ဂျတ်ဥပဒေနှင့်အညီခွင့်ပြုခဲ့ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

“မြေပေးမိန့်က ဟိုစဉ်ကတည်းက ရရှိထားပြီးဖြစ်လို့ ဥပဒေအရခွင့်ပြုခဲ့တယ်။ အခုကျမှ မြေပေးမိန့်မရရှိသေးဘူး ဆိုတဲ့ဟာက မူအားဖြင့်တော့ တော်တော်လေးကွဲလွဲနေတယ်”ဟု ဒေါက်တာ အောင်နိုင်ဦးက ထောက်ပြသည်။

မော်လမြိုင်မြို့၊ သံလွင်ဈေးပြောင်းရွှေ့တည်ဆောက်ရန် ၂၀၁၇-၂၀၁၈ ငွေလုံးငွေရင်း ရန်ပုံငွေမှငွေကျပ် ၅၈၅ သန်း ခွင့်ပြုထားပြီးဖြစ်သည်။

Written by ရွှေရိုး

Advertisements
<

Leave a Reply