မော်လမြိုင်၊ ဒီဇင်ဘာ

မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက် ၊ အောက်လမ်းမကြီးရှိ သံလွင်ဈေး ငါးအဝယ်ဒိုင်များကို ပြောင်းရွှေ့ရန်အတွက် ဘတ်ဂျက်ငွေ ချမှတ်ထားပြီးဖြစ်သော်လည်း အခက်အခဲများရှိကြောင်း မွန်ပြည်နယ်၊ စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

“နိုင်ငံတကာမှာ သွားကြည့်ကြည့်၊ မြို့လယ်ခေါင်မှာ ငါးဈေးတွေရှိတယ်၊ အဲဒီလိုမျိုးအဆင့်တွေ လုပ်နိုင်တော့ကောင်းတာပေါ့။ ငါးကတော့ ငါးနံ့ရမှာပဲ။ မပုပ်ဖို့ပဲလိုတာ ၊ ပုပ်ရင် ဘယ်သူက စားမှာလဲ။ အဲဒါနဲ့ပတ်သက်ပြီး ကွန်ပလိန်း တက်နေတာ ၁၁ ယောက်ပဲရှိတယ် ။ ငါးဒိုင်တွေကလည်း မပြောင်းချင်ကြဘူး။ ငါတို့လည်း ကောင်းအောင်လုပ်နေတာပဲ။ အချိန်ဆွဲနေတာတော့ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းသို့ ပြောင်းရွှေ့မည်ဆိုပါက ပြည်သူများ ဈေးဝယ်ရာ၌ အခက်အခဲများရှိနိုင်သည့်အတွက် လက်ရှိအချိန်တွင် အနံ့ဆိုးများ ကင်းစင်ရေးအတွက် ဈေးအတွင်း ရေမြောင်းများကိုသာ ပြန်လည်ပြုပြင်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သံလွင်ဈေးအနီးရှိ ဒေသခံတစ်ဦးကမူ “ဈေးက အနံ့အသက်မကောင်းဘူး။ ငါးညှီနံ့တွေက မကောင်းဘူး။ ပြောင်းသင့်တယ်။ ဈေးဝယ်ရတာ တစ်ခုတော့ ဝေးသွားတာပေါ့” ဟု ပြောသည်။

ဈေးနေရာပြောင်းရွှေ့မည်ဆိုပါက အခက်အခဲများရှိနိုင်ပြီး ပြောင်းရွှေ့ရမည့် နေရာသစ်တွင် မည်သို့လုပ်ဆောင်ပေးမည်ကို မသိရှိရသေးကြောင်း သံလွင်ဈေးမှ ငါးဒိုင်တစ်ဦးကဆိုသည်။

“သူတို့က ပြောင်းဆိုလည်း ပြောင်းရမှာပဲလေ။ ပြီးရင် ဘယ်လို လုပ်ပေးမှာလဲပေါ့။ ဖြစ်နိုင်ရင်တော့ မပြောင်းချင်ဘူး။ ပြောင်းတာ ငွေလည်းအများကြီး ကုန်မှာလေ။ ဒီနေရာကိုပဲ သန့်သန့်ရှင်းရှင်း လုပ်ရင် ပိုအဆင်ပြေတာပေါ့” ဟု ၎င်းက ဆိုသည်။

အဆိုပါ ငါးအဝယ်ဒိုင်များကို ကျောက်တန်းရပ်ကွက်သို့ ပြောင်းရွှေ့ရန် စီစဉ်လျာထားသော်လည်း ဈေးသတ်မှတ်မည့် မြေနေရာတွင် ကျူးကျော်အိမ်များရှိနေသည့် အခက်အခဲများလည်း ရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ယင်းဈေးတွင် ငါးအဝယ်ဒိုင် ၁၅ ဒိုင်ရှိပြီး ရေဆိုးရေညစ်များကို စနစ်တကျ စီးဆင်းနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကာ ၂၀၁၇- ၂၀၁၈ စည်ပင်သာယာဘတ်ဂျက် ငွေကျပ်သိန်း ၈၅၀၀ ကျော် အသုံးပြု၍ အဆင့်မြှင့်တင်မည်ဟု သိရသည်။

Written by ရင်ငြိမ်းချမ်း

Leave a Reply