Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ ၃

မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်၊ အောက်လမ်းမကြီး၊ သံလွင်ဈေးရှိ ငါးဒိုင်နေရာကို ဖေဖော်ဝါရီလ ပထမအပတ်တွင် ကမ်းနားလမ်း ကျောက်မီးသွေးရုံသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း၊ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

လက်ရှိတွင် ကမ်းနားလမ်း၊ ကျောက်မီးသွေးရုံ ဈေးသစ်ကို ဆောက်လုပ်ပြီးစီးပြီ ဖြစ်သောကြောင့် ပြောင်းရွှေ့မည်ဖြစ်ပြီး အဆိုပါဈေးသစ်နေရာတွင် ငါးဒိုင်၊ ကြက်ဒိုင် အသားငါးနှင့် ဟင်းသီးဟင်းရွက် ရောင်းချရန်အခန်းများ ဆောက်လုပ်ထားကြောင်း၊ စည်ပင်မြို့နယ်အမှုဆောင်အရာရှိ ဦးမြင့်သိန်းက ပြောသည်။

ကမ်းနားလမ်း၊ ကျောက်မီးသွေးရုံ ဈေးသစ်

အဆိုပါ ဈေးသစ်နေရာတွင် ငါးဒိုင်များတွက် ဆိုင် ၂၂ ခန်း၊ ကြက်ဒိုင်များတွက် ဆိုင်ခန်း ရှစ်ခန်းနှင့် အခြားသော အသားငါးများနှင့်ဟင်းသီးဟင်းရွက်များအတွက် ဆိုင်ခန်း ၃၆ ခန်း ရှိပြီး ရေမီးစုံလင်စွာ အဆင့်မြှင့် ဆောက်လုပ်ထားကြောင်း ဦးမြင့်သိန်းက ဆိုသည်။

ထို့ပြင် လက်ရှိ သံလွင်ဈေး ငါးဒိုင်နေရာတွင် လုပ်ကိုင်နေသည့် သူများကိုသာ ပြန်လည် နေရာချထားပေးမည်ဖြစ်ပြီး ဆိုင်ခန်းခ နှုန်းထားများကိုမူ မသတ်မှတ်ရသေးကြောင်း၎င်းက ပြောသည်။

ယင်းသံလွင်ဈေး ငါးဒိုင်နေရာတွင်အနံ့အသက်များ မကောင်းခြင်းကြောင့်ရပ်ကွက်နေပြည်သူများ၏တိုင်ကြားချက်များကြောင့် ယင်းဈေးပြောင်း

ရွှေ့ရန် ရှိမရှိကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ က မေးမြန်းခဲ့ဖူးသည်။

လက်ရှိဈေးဟောင်းနေရာတွင် ငါးဒိုင်လုပ်ငန်းရှင် ၂၀ နီးပါးရှိနေပြီး ငါးဒိုင်လုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေသော အလုပ်သမား ၁၀၀ ကျော်ရှိနေသည်။ သံလွင်ဈေးရှိ ငါးဒိုင်ဘက်အပိုင်းသာ ပြောင်းရွှေ့မည်ဖြစ်ပြီး အခြားနေရာများမှာ ယခင်အတိုင်း ကျန်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

Written by တေဇ

Advertisements
<

Leave a Reply