Advertisements

မော်လမြိုင်၊ စက်တင်ဘာ

မော်လမြိုင်မြို့၊ သံလွင်ဈေးငါးဒိုင်ကို နေရာပြောင်းရွှေ့ရန် စီစဉ်ထားသော်လည်း မြေနေရာအခက်အခဲအရ မူလနေရာတွင်သာ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

“ငါးဒိုင်နဲ့ဈေးကို အဆင့်မြှင့်တင်မှာ ဖြစ်တယ်၊ သံလွင်ဈေးကတော့ ငါးဒိုင်အတွက် အဆင့်မြှင့်တဲ့သဘောဖြစ်တယ်၊ ငါးဒိုင်နေရာကို ရေစီး၊ ရေလာ ကောင်းအောင် ပြီးတော့ ဆေးကြောတဲ့ စနစ်ကောင်းအောင် လုပ်သွားမယ်”ဟု ၎င်းက ပြောသည်။

ယင်းလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့် တည်ဆောက် သွားမည်ဖြစ်ပြီး၊ ၂၀၁၈ ခုနှစ် မတ်လမတိုင်ခင် အပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးမြင့်အောင်က ပြောသည်။

“ဒီနေရာမှာ လုပ်ကိုင်ရမယ်ဆိုတော့ ဝမ်းသာပါတယ်၊ ကျွန်မတို့လည်း ဘယ်မှမပြောင်းချင်ဘူး၊ ပြောင်းလို့ရှိရင် အဆင်ပြေမှာမဟုတ်ဘူး”ဟု သံလွင်ဈေး ငါးဒိုင် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ယင်းဈေးမှ ကုန်စုံဆိုင်ရှင်တစ်ဦးက ငါးဒိုင်များမှာအညစ်အကြေးများ အမှိုက်များစွန့်ပစ်ရာတွင် သန့်ရှင်းမှုမရှိခြင်းကြောင့် အနံ့အသက်ဆိုးများထွက်ပေါ်ကာ ပြည်သူများ အနှောင့်အယှက်ဖြစ်ရသဖြင့် ပြောင်းရွှေ့ လုပ်ကိုင်လိုကြောင်း ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၀ ရက်က ကျင်းပသော မွန်ပြည်နယ် လွှတ်တော် ပုံမှန်အစည်းအဝေးတွင် သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက အနံ့အသက်ဆိုးများကြောင့် ဒေသခံများတိုင်ကြားလာသည့်အတွက် ငါးဒိုင်နေရာ ပြောင်းရွေ့ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့သည်။

ယခင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးမင်းမင်းဦးက ဒေသခံပြည်သူဆန္ဒအတိုင်း ငါးဒိုင်များကို ကျောက်တန်းရပ်ကွက်သို့ ပြောင်းရွေ့သွားမည်ဖြစ်ကြောင်း ဖြေကြားထားသည်။

မော်လမြိုင်မြို့ရှိ သံလွင်ဈေးတွင် ငါးဒိုင်လုပ်ငန်းရှင် ၂၀ နီးပါးရှိနေပြီး၊ ယင်းအပေါ်တွင် မှီခိုလုပ်ကိုင်နေသော အလုပ်သမား ၁၀၀ ကျော်ရှိနေသည်။

ဇော်ထိုက်

Advertisements
<

Leave a Reply