ယခင်တပ်မတော်အစိုးရလက်ထက်ကမော်လမြိုင်မြို့ အဝင် သံလွင်တံတားထိပ်အဝိုင်းတွင် မွန်လူမျိုးတို့၏ သင်္ကေတဖြစ်သောဟင်္သာအရုပ်နေရာတွင် ဆွမ်းအုပ်ရုပ်တုဖြင့် အစားထိုးခဲ့သည်။ လက်ရှိအစိုးရလက်ထက်တွင် အဆိုပါဟင်္သာရုပ်ကို ပြန်လည်ထားရှိပေးရန် လူမှုကွန်ရက်စာမျက်နှာတွင်ပြောဆိုလာကြသည်။ယင်းကြောင့် သံလွင်အဝိုင်းတွင် မွန်လူမျိုးတို့၏ သင်္ကေတဖြစ်သောဟင်္သာရုပ်တုပြန်လည်းထားရှိသင့်၊မရှိသင့်ကို ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ လှုပ်ရှားသူများ၏ အမြင်ကိုဖော်ပြလိုက်ရပါသည်။

Hinthar


ဦးမင်းထင်အောင်ဟန် (မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး)

ဒီဟာကြီးကိုတပ်လိုက်လို့ကျွန်တော်တို့မှာဘာထိခိုက်စရာမှ ရှိမှာမဟုတ်ဘူး။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပိုအားကောင်းစေတယ်။ ဒါက ကျွန်တော်တို့ အစိုးရလက်ထက်မှာဒါတွေက ကျွန်တော်တို့ကတိုင်းရင်းသားတွေကိုပိုပြီးတော့ အသိအမှတ်ပြုတဲ့ လက္ခဏာလည်းပိုဆောင်တယ်။ ဒါကတိုင်းရင်းသားပြည်နယ်ပဲလေ။

ဦးဝဏ္ဏကျော် (မွန်ပြည်နယ် စီမံကိန်း၊ဘဏ္ဍာရေး၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး)
ဟင်္သာဆိုတာက ကျွန်တော်တို့မွန်ပြည်နယ်ရဲ့ အထိမ်းအမှတ်ပဲ။ ဒါကတော့ ဖြစ်သင့်တယ်လို့ပဲယူဆတယ်။ ကျွန်တော်ပုဂ္ဂိုလ်ရေးအမြင်နဲ့ ပြောရမယ်ဆိုရင်တော့ လက်ခံတယ်။ ကျေနပ်ပါတယ်။ ဒီဆွမ်းအုပ်ကိုတင်ထားတယ်ဆိုတာလည်းသူ့ရည်ရွယ်ချက်နဲ့သူရှိမှာပေါ့နော်။ ကျွန်တော်တို့ အရင်ကတည်းကအစဉ်အဆက်ဖြစ်ခဲ့တဲ့ ကျွန်တော်တို့ ပြည်နယ်ရဲ့သင်္ကေတအထိမ်းအမှတ်တစ်ခုကို ပြန်ဖြစ်စေချင်တယ်။
ဒီအပေါ်မှာမူတည်ပြီးတော့ နိုင်ငံရေးအမြတ်ထုတ်ပြီးတော့ သွားချင်တဲ့အမြင်မရှိဘဲနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့အနေအထားတစ်ခုကိုပဲ ကျွန်တော်ကဖြစ်စေချင်တယ်

ဒေါက်တာမင်းကြည်ဝင်း(သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး)

မွန်သင်္ကေတတစ်ခုဖြစ်တဲ့ ရွှေဟင်္သာက ပြန်ထားသင့်တယ်။ နဂိုကတည်းကရှိနေပြီးသားပဲ။ဟင်္သာကနေဆွမ်းအုပ်ဖြစ်သွားတာကတော့ ဘာကြောင့်လဲဆိုတာအကြောင်းပြချက်ကတော့ ကျွန်တော်တို့လည်းမသိလိုက်ဘူး။ ဟင်္သာကတော့ သူ့နေရာပြန်ထားသင့်တယ်။ အခု ရိုးဂိုးလမ်းဝမှာလည်း ဟင်္သာထားတယ်။ မွန်ရွာတော်တော်များများကဟင်္သာရုပ်ထားကြတယ်။ ထားလို့ရှိရင် ဘာပြဿနာမှတော့မရှိဘူး။ ဆွမ်းအုပ်ဖယ်လိုက်တာလည်းပြဿနာမရှိပါဘူး။ ဒါနဲ့ တစ်ဆက်တည်းမှာအရင်တုန်းက ကျွန်တော်တို့ပြည်နယ်ရုံးရဲ့ တံဆိပ်ထဲမှာဟင်္သာအရာလေးရှိသေးတယ်။ ပြန်ထည့်သင့်တယ်။ ပြည်နယ်ရုံးကလည်းမွန်စာပါ ထည့်ပေးသင့်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ဆက်တည်းမှာလွှတ်တော်မှာမွန်စာတွေရှိတယ်။ ပြည်နယ်အစိုးရရုံးမှာမွန်စာရယ်၊ ဗမာစာရယ်၊ အင်္ဂလိပ်စာရယ် ရှိသင့်တယ်။

နိုင်စဝေါမွန်(Program မန်နေဂျာ၊မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေရှင်း)

ကိုယ့်လူမျိုးရဲ့သင်္ကေတဖြစ်တဲ့အတွက် မော်လမြိုင်မြို့မှာ သံလွင်တံတားအဝိုင်း တစ်ခုထဲထည့်ရမှာမဟုတ်ဘူး။ မွန်ပြည်နယ်အစဖြစ်တဲ့ စစ်တောင်းတံတားမှာလည်းမွန်ပြည်နယ်ရဲ့ သင်္ကေတဖြစ်တဲ့ ဟင်္သာပုံကိုထည့်ပေးရမယ်။

တိုင်းရင်းသားတွေရဲ့ပြည်နယ်မှာတိုင်းရင်းသားတွေရဲ့သင်္ကေတတွေကိုမထားပေးရင် အစိုးရကတိုင်းရင်းသားတွေကိုအသိအမှတ်မပြုလို့ဖြစ်တယ်။ ဒီတော့ တိုင်းရင်းသားတွေရဲ့ ဒေသတွေမှာတိုင်းရင်းသားတွေရဲ့ သင်္ကေတတွေကိုထားပေးရမယ်။

မင်းစိုက်ရော့ (မွန်လူငယ်ပညာပေးအဖွဲ့ ဝင်)

ဘယ်လူမျိုး၊ ဘယ်ဒေသမဆိုသူတို့တန်ဖိုးထားတဲ့ သင်္ကေတအမှတ်အသားတွေ ရှိတယ်။ ဒီအမှတ်အသားသင်္ကေတကသူတို့တည်ရှိနေတယ်ဆိုတာကိုဖော်ပြပေးခြင်းဖြစ်တယ်။ ဟင်္သာသင်္ကေတကမွန်လူမျိုးနှင့် မွန်ပြည်နယ်ကိုကိုယ်စားပြုတယ်။အခုကတည်းကမဟုတ်ဘူး။ဟိုရှေ့နှစ်ပေါင်းများစွာကတည်းကပါ။ ဟင်္သာရုပ်ကိုဖယ်ရှားတာမွန်တွေကိုမလိုဘူး၊ မွန်တိုင်းရင်းသားတွေ အသိအမှတ်မပြုဖယ်ရှားတာနဲ့အတူတူဖြစ်တယ်။ တိုင်းရင်းသားအချင်းချင်းအကြားယုံကြည်မှုတွေကိုပြန်တည်ဆောက်ချင်ရင်တော့တိုင်းရင်းသားတွေကိုအသိအမှတ်ပြုရမယ်၊ ယဉ်ကျေးမှုတွေ၊ စာပေတွေဖော်ထုတ်ခွင့်ပေးရမယ်။ သူတို့ လူမျိုးဖြစ်တည်မှုလို့ခေါ်တဲ့ Identity ကိုတိုးတက်လာအောင်မြှင့်တင်ပေးဖို့လိုတယ်။ ဒီဟင်္သာရုပ်ပြန်ထားရင် မွန်ပြည်နယ်အစိုးရအနေနဲ့ မွန်တွေတည်ရှိမှုကိုအသိအမှတ်ပြုလက်ခံလိုက်သလို၊ မွန်တွေကိုစည်းရုံးပြီးသားဖြစ်သွားမှာပါ။ မွန်လူထုရဲ့ NLD အစိုးရအပေါ်ယုံကြည်မှုတွေရရှိပြီးသားဖြစ်သွားပါလိမ့်မယ်

Leave a Reply