ချောင်းဆုံ၊ မတ်လ ၁၆ ။ ။ မော်လမြိုင် – ချောင်းဆုံ သံလွင်မြစ်ကူးတံတားအတွက် ချောင်းဆုံဘက် ခြမ်းတွင် ချဉ်းကပ်လမ်းဖောက် လုပ်ပေး နေသော ကုမ္ပဏီတစ်ခုမှ ကညှော်ကျေးရွာ သောက်သုံးရေကန်အတွင်း အမှိုက်များစွန့်ပစ် ထားခြင်း ကြောင့် ဒေသခံ များသောက် သုံးရေ အခက်အခဲ ဖြစ်နေကြောင်း ကညှော်ကျေးရွာ ရပ်မိ၊ ရပ်ဖများက ပြောဆိုသည်။

Ka-Nyaw-copy
အဆိုပါ အမှိုက်များကို ကုမ္ပဏီက တာဝန်ယူ ၍ ပြန်လည် ဆယ်ယူပေးစေလိုကြောင်း ယင်း ကျေးရွာ ရပ်မိရပ်ဖ များ ကပြောကြားသည်။
“တံတားချဉ်းကပ်လမ်း လုပ်နေတာ ကုမ္ပဏီခြောက်ခု ရှိတယ်၊ ဒီအပိုင်းမှာ တာဝန်ကျတဲ့ ကုမ္ပဏီနာမည် ကိုတော့ မပြောချင်ဘူး၊ သောက်သုံးရေကန်က ကညှော်ကျေးရွာအနောက်ဘက်ပိုင်း တိုက်နယ်ဆေးရုံနဲ့ မလှမ်းမကမ်းမှာရှိတယ်၊ ချဉ်းကပ်လမ်းဖေါက်လုပ်တော့ ရေကန်ဧရိယာအချို့တစ်ဝက် လမ်းထဲပါသွားတယ်၊ အပင်တွေကို ဖြတ်ပြီး သောက်သုံးရေကန်ထဲ စွန့်ပစ်ထားတော့ မကောင်းပါဘူး”ဟု အဆိုပါ ရေကန်အနီးတွင် နေထိုင်သည့် ဦးအောင်မြင့်က ပြောသည်။

အဆိုပါ သောက်သုံးရေကန်ကို ကျေးရွာအတွက် အလွန်အားထားရပြီး ရေရှားပါးချိန်တွင် သောက်သုံးရေအဖြစ် လည်းကောင်း၊ မီးသတ်ရေကန်အဖြစ်လည်းကောင်း အသုံးပြုလျက်ရှိကြောင်းနှင့် ရေကန်အတွင်း စွန့်ပစ် ထားသော အမှိုက်သရိုက်များမှာ အပင်ကြီးများဖြစ်၍ ကျေးရွာမှ လုပ်အားဖြင့် ဖယ်ရှားရန်ခက်ခဲကြောင်း ကညှော် ကျေးရွာမှ ဦးကျော်မိုးက ဆိုသည်။

သက်ဆိုင်ရာကုမ္ပဏီမှ လုပ်ငန်းခွင်ပြီးဆုံးလျှင် ပြန်သွားမည်ဆိုပါက အဆိုပါ သောက်သုံးရေကန်ကို ပြန်လည် ဆယ်ယူရန် ခက်ခဲနိုင်ကြောင်း ချောင်းဆုံမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးနှင့် ချောင်းဆုံမြို့နယ် ဆောက်လုပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်စိုးကြိုင် တို့ကို အသိပေးထားကြောင်း ကညှော်ကျေးရွာ ရပ်မိ၊ ရပ်ဖများထံမှ သိရသည်။

သောက်သုံးရေကန်အတွင်း အမှိုက်များစွန့်ပစ်ထားသော ကုမ္ပဏီအား အမှိုက်များဖယ်ရှားပေးရန် အသိပေး ထားပြီးဖြစ်ကြောင်းနှင့် စက်ယန္တယား အခက်အခဲကြောင့် အမှိုက်များဆယ်ယူရန် နှောင့်နှေးနေရကြောင်း ချောင်းဆုံမြို့နယ် ဆောက်လုပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်စိုးကြိုင်က ပြောသည်။

အဆိုပါ သောက်သုံးရေကန်ကို ၁၉၈၈ ခုနှစ်တွင် ကညှော်ကျေးရွာမှ ဆရာတော်ကြီးများ ဦးဆောင်မှုဖြင့် ရွာသူ၊ ရွာသားများမှ တူးဖေါ်ခဲ့သောရေကန်ဖြစ်ပြီး ယခုအချိန်တွင် ယင်း သောက်သုံးရေကန်သည် နှစ်ဧက ဝန်းကျင်ရှိ ကြောင်း ကညှော်ကျေးရွာနေ ပြည်သူများထံမှ သိရသည်။

Leave a Reply